Wednesday, 04 September 2013
“လိုအပ်တဲ့အကူအညီအတွက် အကောင်းဆုံးကူညီနေပါတယ်။ မင်းအနေနဲ့ တိကျတဲ့ညွှန်ကြားချက်တွေ လိုက်နာဖို့လိုတယ်နော်။ ရဲတပ်ဖွဲ့က ငါးမိနစ်အတွင်း မင်းဆီရောက်လာလိမ့်မယ်”
လူသတ်သမားတစ်ယောက်၏ပစ်မှတ်ထားခံနေရသူကသွေးပျက်ချောက်ချားစွာဖြင့် ၉၁၁ အရေးပေါ်ဌာနသို့ ဖုန်းဖြင့် အကူအညီတောင်းခံနေမှုကို တာဝန်ကျရဲအရာရှိက ဂရုတစိုက် လက်ခံဖြေရှင်းနေသည်။ The Call ရုပ်ရှင်ဇာတ်လမ်းတွင်နာမည်ကျော်သရုပ်ဆောင်မင်းသမီးဟယ်လီဘယ်ရီကအရေးပေါ်ဌာနတာဝန်ကျရဲဝန်ထမ်းအဖြစ် ဖုန်းလက်ခံဖြေနေသော ဇာတ်ဝင်ခန်းသာဖြစ်သည်။
နိုင်ငံသားများတွင်အသက်အိုးအိမ်စည်းစိမ်တို့ နှောင့်ယှက်ဖျက်ဆီးခံရမှုအခြေအနေများကြုံတွေ့လာလျှင် ပြည်သူ့ဝန်ထမ်းဖြစ်သော ရဲဌာနများအနေဖြင့်လိုအပ်သောအကူအညီများပေးနိုင်ရန်အတွက်ဂဏန်းသုံးလုံးထက်မပို၍အရေးပေါ်ခေါ်ဆိုနိုင်သည့် ဖုန်းနံပါတ်တစ်ခု ပုံသေထားလေ့ရှိသည်။ မြန်မာနိုင်ငံတွင်မူ ၁၉၉ (၀မ်းနိုင်းနိုင်း)ဟု ခေါ်ပါသည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် အရေးပေါ်အကူအညီလိုအပ်နေသောပြည်သူများက ၁၉၉ သို့ခေါ်ဆိုရာ၌ ဆက်သွယ်၍မရခြင်း၊ဖုန်းမကိုင်ခြင်းတို့နှင့်သာအများစုကြုံတွေ့နေရပါသည်။ထို့ကြောင့်ပင်အရေးပေါ်နံပါတ် ၁၉၉ အပေါ် ပြည်သူများ အားထားယုံကြည်ရမှုကို မေးခွန်းထုတ်ရန်အခြေအနေ ဖြစ်လာသည်။
“ပြီးခဲ့တဲ့တစ်လကျော်လောက်ကပုဇွန်တောင်ဘက်မှာညဘက်အိမ်ပြန်ရင်းနောက်မှာလူနှစ်ယောက်လိုက်လာတာ တွေ့တယ်။ လူကလည်း အရမ်းရှင်းနေတယ်။ ဒါနဲ့ ၀မ်းနိုင်းနိုင်းကိုဖုန်းဆက်တာ လုံးဝမ၀င်ဘူး။ကြောက်ကြောက်နဲ့ ကားဂိတ်ရောက်အောင် အမြန်သွားလိုက်ရတယ်”ဟု အသက် ၃၂ နှစ်အရွယ် အိမ်တွင်းအလှပြင်ဆင်သူ ကိုကျော်သူက အရေးပေါ်ဖုန်းခေါ်ဆိုရာတွင် ကြုံတွေ့ရမှုကို ပြန်ပြောင်းပြောပြသည်။
“သင့်ပတ်ဝန်းကျင်ထူးခြားမှုရှိပါက ဖုန်းအမှတ် ၁၉၉ သို့ဆက်သွယ်ပါ”
အရေးပေါ်အခြေအနေနှင့်မသင်္ကာစရာများရင်ဆိုင်ကြုံတွေ့လျှင်ဆက်သွယ်သတင်းပေးပို့၍အကူအညီတောင်းခံနိုင်ရန် မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့က သတင်းမီဒီယာများတွင် ထည့်သွင်းဖော်ပြထားသော နံပါတ်ဖြစ်သည်။
သို့သော် မန္တလေးမြို့နေ ကိုအောင်(အမည်လွှဲ)က လွန်ခဲ့သောရက်ပိုင်းအတွင်း သူ၏အိမ်ရှေ့၌ လူငယ်တစ်စုက အခြားသူတစ်ဦးကို အုပ်စုဖွဲ့အနိုင်ကျင့် ရိုက်နှက်နေသည်ကို တွေ့ရှိသောကြောင့် အရေးပေါ်ဖုန်းနံပါတ် ၀မ်းနိုင်းနိုင်း (၁၉၉)သို့ ခေါ်ဆိုသောအခါ ဆက်သွယ်၍မရခဲ့ပါ။
ကမ္ဘာ့နိုင်ငံအများစုတွင် ပြည်သူများအနေဖြင့် အသက်အိုးအိမ်စည်းစိမ်များ ခြိမ်းခြောက်ဖျက်ဆီးခံရမှုများ (သို့မဟုတ်) ပတ်ဝန်းကျင်၌ ထူးခြားမှုများရှိပါက ကွန်ပျူတာမြေပုံစနစ်ဖြင့် ထိန်းချုပ်ထားသော အရေးပေါ်ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်ဌာနမှ အထူးလေ့ကျင့်ထားသော ဆက်သွယ်ရေးအရာရှိများက ဆက်သွယ်သူများ၏ ပြဿနာများကိုညွှန်ကြားဖြေရှင်းကြပြီး လိုအပ်ပါက အနီးဆုံးတွင် တာဝန်ထမ်းဆောင်
နေသော ရဲဝန်ထမ်းများနှင့်ချိတ်ဆက်၍ အကူအညီပေးလေ့ရှိသည်။ အကယ်၍ အမှုအခင်းဖြစ်ပွားပါက အဆိုပါနေရာသို့ ရဲတပ်ဖွဲ့ဝင်များ အမြန်ဆုံးရောက်ရှိလာမည်ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ၉၁၁၊ ဥရောပနိုင်ငံအများစုတွင် ၁၁၂ နှင့် အခြားနိုင်ငံများတွင်လည်း ၉၉၉၊ ၁၁၉ အစရှိသော အရေးပေါ်ဖုန်းနံပါတ်များကို အသုံးပြုကြသည်။
မြန်မာနိုင်ငံတွင်မူ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့ရုံး၊ ခရိုင်ရဲတပ်ဖွဲ့ရုံးများတွင် ၁၉၉ နံပါတ်များကိုတပ်ဆင်ပေးထားသော်လည်းနည်းပညာနှင့် အခြားအခက်အခဲ လိုအပ်ချက်များစွာရှိနေသည်။
“နိုင်ငံတကာမှာကဘယ်နေရာမှာဘာဖြစ်တယ်။ဖုန်းဆက်အကြောင်းကြားရင်ဒီဖုန်းဘယ်ကလာတာလဲ မြေပုံ(GPS)စနစ်နဲ့ သွားတာ။ဒီမှာကအဲဒီလိုမရှိသေးဘူး။အရေးကြီးမှ ဆက်သွယ်ရေးကတစ်ဆင့်သွားတာ။ လုပ်ပေးနေပေမယ့် အားနည်းချက်က အများကြီးရှိတယ်။ ပြည်သူတွေ မကျေနပ်ဖြစ်တာတွေကတော့ ဖြစ်နေဦးမှာပဲ။ အဓိကက Facilityနဲ့ရန်ပုံငွေအားနည်းမှုပါ”ဟုနေပြည်တော်မှုခင်းရဲတပ်ဖွဲ့မှအဆင့်မြင့်အရာရှိတစ်ဦးကကြုံရသည့်အခက်အခဲများကို ရှင်းလင်းပြောဆိုသည်။
၁၉၉ သို့ ခေါ်ဆိုရာတွင်လည်း အချို့သောသူများမှာ အမှန်တကယ် အကူအညီလိုအပ်ခြင်းမရှိဘဲ တမင်အနှောင့်အယှက်ပေးလိုသောရည်ရွယ်ချက်ဖြင့်ခေါ်ဆိုခြင်းမျိုးကိုကြုံတွေ့နေရသည်ဟုတာဝန်ရှိသူများက ၎င်းတို့၏အခက်အခဲများကို ရှင်းပြ၏။
“ဥပမာဘယ်နားမှာလူစုလူဝေးရှိတယ်။ဘာဖြစ်တယ်ဆိုပြီးတော့သွားရင်ဘာမှမတွေ့ရဘူး”ဟုအထက်ပါ နေပြည်တော်မှုခင်းရဲတပ်ဖွဲ့အရာရှိက သူ၏အတွေ့အကြုံကို ပြောပြသည်။
ဥပဒေပညာရှင်အချို့ကမူရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေးအတွက် အဓိကတာဝန်ယူဆောင်ရွက်ရသည့် အဖွဲ့ဖြစ်သည်။
ယင်းအတွက်ကြောင့်အမှန်တကယ်အကူအညီလိုအပ်၍အရေးပေါ်တယ်လီဖုန်းများသို့ ခေါ်ဆိုကြသောပြည်သူများ အားကိုးယုံကြည်အောင် ဆောင်ရွက်သင့်သည်ဟု ထောက်ပြပြောဆိုသည်။
“ကျွန်တော်တစ်ခါမေးဖူးတယ်။ ဖုန်းသရဲတွေကြောင့် မကိုင်တာလို့ပြောတယ်။ ခေတ်မီနေတဲ့ ခေတ်ကြီးမှာ ဒီလိုအနှောင့်အယှက်ပေးသူရှိရင် စုံစမ်းအရေးယူပေါ့။ ဒါကြောင့် မကိုင်တာဆိုရင် တကယ်လိုတဲ့ ပြည်သူ
ဆက်တာဆို ဘယ်လိုလုပ်မလဲ”ဟု ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)ကဆိုသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အရေးပေါ်ဖုန်းခေါ်ဆိုမှုများအတွက် ၂၄ နာရီအချိန်ပြည့် ဂျူတီချထား၍ မှတ်တမ်းတင်မှုများ ပြုလုပ်ထားသည်။ ဆက်သွယ်၍မရခြင်းမှာ ခေါ်ဆိုသောအရေအတွက်များ၍ ဖုန်းလိုင်း
မအားမှုကြောင့်ဖြစ်သည်ဟုဆိုသည်။ အရေးပေါ် ၁၉၉ ဖုန်းသို့ခေါ်ဆိုလျှင် အနီးဆုံးရဲစခန်းရှိ ဖုန်းနှင့်ချိတ်ဆက်ရန် ဆက်သွယ်ထားသောကြောင့် အဆိုပါဖုန်းမအားပါက ခေါ်ဆို၍မရတော့ဟုလည်း တာဝန်ရှိသူများက ရှင်းလင်းပြောဆိုသည်။ ရဲတပ်ဖွဲ့က ဦးစီးထုတ်ဝေသော သတင်းမီဒီယာများအရ လူဦးရေခြောက်သန်းခန့်ရှိသော ရန်ကုန်မြို့တွင် တစ်ပတ်လျှင် အရေးပေါ် ၁၉၉ ဖုန်းသို့ ပြည်သူများက မှုခင်းသတင်းပေးပို့မှုမှာ ၁၀ ကြိမ်ခန့်သာရှိသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် အချို့ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ၁၉၉ အရေးပေါ်ဖုန်းကို ဂျီအက်စ်အမ်၊ စီဒီအမ်အေဖုန်းများဖြင့် ခေါ်ဆို၍မရသောကြောင့် အခြားအရေးပေါ်သုံး Hot-Line များ ထားပေးသည်ဟု
ဆိုသည်။
“၁၉၉ ကို တကယ်လို့ခေါ်မရရင် ပြည်သူတွေ စိတ်ငြိုငြင်မှု မယုံကြည်မှုဖြစ်လာမယ်။ ဒီတော့ ဖုန်းအားလုံးခေါ်နိုင်မယ့် ဂျီအက်စ်အမ်တစ်လုံးထိုင်ဖို့ ဆက်သွယ်ရေးနဲ့ ညှိနှိုင်းထားတယ်”ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး
တင်ထွန်းကပြောသည်။
သတင်းနည်းပညာကျွမ်းကျင်သူပညာရှင်တစ်ဦးကမူယနေ့နည်းပညာနှင့်သီအိုရီများအရယင်းအခက်အခဲမှာ ဖြေရှင်းနိုင်သည်ဟု သုံးသပ်ပြောဆိုသည်။
“သီအိုရီအရ ရနိုင်ပါတယ်။ ဘာမှမခက်ပါဘူး။ တစ်ကမ္ဘာလုံးမှာလည်း အရေးပေါ်ဖုန်းကို အားလုံးကခေါ်လို့ရတယ်။ဆက်သွယ်ရေးမိုဘိုင်းဌာနကိုတော့တင်ပြဖို့လိုတယ်”ဟု ဖြေရှင်းနိုင်မည့်နည်းလမ်းကို ရှင်းပြသည်။
“ကူညီပါရစေ၊ ပြည်သူ့လုံခြုံမှုအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အစွမ်းကုန်ဆောင်ရွက်ပါမည်၊ ပြည်သူလူထုမှ ပူးပေါင်းပါဝင်ကူညီကြပါ”။
တရားဥပဒေစိုးမိုးရေးလက်တွဲဆောင်ရွက်ရန်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှပြည်သူများသို့အသိပေးဖော်ပြထားသည့် ဆောင်ပုဒ်များပင်ဖြစ်သည်။ ယင်းဆောင်ပုဒ်များအတိုင်း ရဲနှင့်ပြည်သူလက်တွဲ၍ ရပ်ရွာတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန် ၂၄ နာရီ ဆက်သွယ်ရနိုင်သည့် အရေးပေါ်တယ်လီဖုန်းလိုင်းများ လိုအပ်ပါသည်။
“အရေးပေါ်ဆိုရင်ဘယ်ကိုဆက်နိုင်မလဲ။ရေဒီယို၊မီဒီယာတွေကတစ်ဆင့်ကျယ်ကျယ်ပြန့်ပြန့်အသိပေးဖို့လိုနေပြီ”ဟု ဦးခင်ဇော်(မရမ်းကုန်း)ကပြောပါသည်။
7Day News Journal

No comments:
Post a Comment