Tuesday, September 03, 2013

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှ သဘောတူလက်မှတ်ရေးထိုးထားသော စာချုပ်များအား လွှတ်တော်မှ ထပ်ဆင့်အတည်ပြုရေး လုပ်ဆောင်ရန် KNU အဖွဲ့ တိုက်တွန်း


Tuesday, September 3, 2013


ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှ သဘောတူလက်မှတ် ရေးထိုးထားသော စာချုပ်များအား လွှတ်တော်မှ ထပ်ဆင့်အတည်ပြုရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့မှ တိုက်တွန်းထားသည်။

သြဂုတ် ၃၁ ရက်က နေပြည်တော်၌ ပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/SSA) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ တွေ့ဆုံဆွေးနွေးပွဲတွင် KNU အဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက် ၍ တင်ပြခဲ့သော အစီရင်ခံစာအရ သိရသည်။


အဆိုပါ အကြံပြုချက်များတွင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီများနှင့် လွှတ်တော်၏ အခန်းကဏ္ဍရပ်များကို ရှင်းလင်းစွာ သတ်မှတ်ပေးရေး၊ အစိုးရမှ ငြိမ်းချမ်းရေး ဖြစ်စဉ်အား သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်း အဆင့်ဆင့်အတွင်း သိရှိနားလည်ရေးနှင့် ပံ့ပိုးထောက်ပံ့ရေးအတွက် လုပ်ဆောင်ကြရန်တို့ ပါဝင်သည်။

ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သဘောတူစာချုပ်များသာမက နိုင်ငံရေးဆွေးနွေးမှု မူဘောင်အား လွှတ်တော်မှ ထပ်ဆင့် အတည်ပြုပေးရန်၊ နိုင်ငံရေးဆွေးနွေးမှုများ အလျင်အမြန် စတင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ နိုင်ငံရေး ဆွေးနွေးပွဲများမှ ထွက်ရှိလာသော ရလဒ်များအား လွှတ်တော်
မှ ထပ်ဆင့်အတည်ပြုပေးရေး လုပ်ဆောင်ရန် တို့ကိုလည်း တိုက်တွန်းထားသည်။

ထိုကဲ့သို့ ထပ်ဆင့်အတည်ပြုထားသော နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များကို လွှတ်တော်မှ ဥပဒေကြမ်းထွက် ပေါ်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရေးကို အကြံပြုထားသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် သက်ဆိုင်ပတ်သက်သူများ (Stake-holder) အားလုံးဖြစ်ကြ သော အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများ၊ ပညာရှင်များ၊ အဖွဲ့အစည်းများ အသီးသီး၊ လူမျိုးမရွေး ဘာသာမရွေး သာမန်ပြည်သူများ အားလုံးတို့က ဒီမိုကရေစီ နိုင်ငံတည်ဆောက်ခြင်း၏ တာဝန်တစ်ရပ် အနေဖြင့် အပြုသဘောဖြင့် ပါဝင်လုပ်ဆောင်ကြနှင့် အစိုးရ၊ လွှတ်တော်ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးရှိ ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပုံမှန်တွေ့ဆုံနိုင်သည့် အခြေအနေ ဖန်တီးရန် ကိုလည်း KNU အဖွဲ့မှ တိုက်တွန်းထားသည်။

''ကေအင်န်ယူအနေနဲ့ တင်ပြသွားတာက သူတို့အဖွဲ့ရဲ့ နိုင်ငံရေး တိုင်းဖရိန်ပေါ့။ လွှတ်တော်ပြင်ပငြိမ်းချမ်းရေး သဘောတူစာချုပ်တို့ နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တို့ကို လွှတ်တော်က အတည်ပြုပြီး ဥပဒေထွက်ဖို့ အကြံပြု ချက် ဖြစ်ပါတယ်။ ဥပမာ ကေအိုင်အေဆိုရင် ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထားပေမယ့် ခိုင်မာတဲ့ ဥပဒေ မရှိတဲ့ အတွက် ငြိမ်းချမ်းရေးကပျက်ပြီး တိုက်ပွဲပြန်ဖြစ်တယ်။ အဲဒီလိုတွေ ပြန်မဖြစ်အောင် ဥပဒေရှိရမယ် ပေါ့နော်။ ဒါက သူတို့တစ်ဖွဲ့တည်းရဲ့ တင်ပြချက်ဖြစ်ပါတယ်။ ဒါပေမဲ့ ကေအင်ယူလိုပဲ အခြားအဖွဲ့တွေကလည်း တောင်းဆိုမှုတွေ လာဦးမှာပါ။ လွှတ်တော်အနေနဲ့ကတော့ တစ်နိုင်ငံလုံးက ပြည်သူကို ကိုယ်စားပြုထားတာ ဖြစ်တဲ့အတွက် အမြင်တွေ အမျိုးမျိုးရှိဦးမှာပါ။ အဲဒီတော့ ပြင်ပမှာဆွေးနွေးမှုတွေ တင်ပြလာသမျှကို လွှတ် တော်က အတည်ပြုပေးလို့တော့ ရမှာမ ဟုတ်ဘူး။ ဆွေးနွေးရဦးမယ်။ အဲဒီလိုဆွေးနွေးဖို့အတွက်ကို ဒီကာလ တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရယ် မကြာမကြာတွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့လိုပါတယ်။ ဒါကျွန်မတစ်ဦး တည်းရဲ့အမြင်ပါ'' ဟု ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဒွဲဘူက ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း အစိုးရအနေဖြင့် တစ်နိုင်လုံးအတိုင်းအတာဖြစ် အပစ် အခတ်ရပ်စဲ၍ ငြိမ်းချမ်းဖော်ဆောင်ပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲများကို လွှတ်တော်နှင့် ဆက်လက်ဆွေး နွေးရန် လွှဲပြောင်းမှုများ ပြုလုပ်မည်ကိုစိုးရိမ်နေကြပြီး လွှတ်တော်ပြင်ပ၌သာ နိုင်ငံရေးဆွေးနွေးပွဲကျင်းပကာ အဆိုပါ ဆွေးနွေးမှုရလဒ်များအတိုင်း ဆက်လက်အကောင်အထည်ဖော်ရန် ဆန္ဒရှိနေကြခြင်းဖြစ်ပြီး KNU အနေဖြင့် ထိုသို့ ဆွေးနွေးမှုများအား လွှတ်တော်မှ အတည်ပြု၍ ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန် အကြံပြုခြင်းဖြစ် သည်။

eleven media group

No comments: