Tuesday, September 03, 2013

အဲယားကွန်းပါသော ဂျပန် RBE ရထားအား မြို့ပတ်ရထားအဖြစ် ပြေးဆွဲရန် စီစဉ်


Tuesday, September 3, 2013

အတွဲလိုက် အင်ဂျင်ပါဝင်ပြီး အဲယားကွန်းများ တပ်ဆင်ထားသော RBE ရထားအား မြို့ပတ်ရထားအဖြစ် ပထမဆုံး ပြေးဆွဲရန် စီစဉ်နေကြောင်း ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ယခုနှစ်အတွင်း ဂျပန်နိုင်ငံမှ ၀ယ်ယူလိုက်သော RBE ရထားတွဲအား စက်တင်ဘာ ၁ ရက်က ရန်ကုန်မြို့ အတွင်း စမ်းသပ်ပြေးဆွဲလျက် ရှိနေကြောင်း သိရသည်။


ရန်ကုန်ဘူတာကြီးမှ ဒုတိယရုံပိုင်ချုပ် ဦးရဲလွင်က ''အခုရောက်ရှိနေတဲ့ RBE ရထားတွဲက ဂျပန်နိုင်ငံမှာ သုံးပြီးသားကို ၀ယ်ယူထားတာ ဖြစ်ပေမယ့် အားလုံး အကောင်းအတိုင်းပါပဲ။ ရထားတွဲက ၁၀ တွဲပါတယ်။ အားလုံးမှာ အင်ဂျင်တပ်ထားတယ်။ ဂျပန်နိုင်ငံက ရထားလမ်း စနစ်နဲ့ဆိုရင်တော့ တစ်တွဲမှာ တစ်မြို့နယ်စီ တင်ပြီးတော့ တစ်ဂိတ်ကို တစ်တွဲဖြုတ်နိုင်ပေမယ့် ကျွန်တော်တို့ စီမှာတော့ မရနိုင်သေးဘူး။ ဒါပေမဲ့ အဲဒီလို ဖြစ်နိုင်အောင်နောက်ပိုင်းတွေ စီစဉ်မှာပါ'' ဟု ပြောကြားသည်။

စမ်းသပ်ပြေးဆွဲရာတွင် ရန်ကုန်မြို့ပတ် ရထားလမ်း အခြေအနေနှင့် ကိုက်ညီမှု မရှိသေးသော နေရာများတွေ့ ရှိခဲ့ရပြီး ပြင်ဆင်မှုများ ပြုလုပ်သွားပြီး စတင်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း ဦးရဲလွင်က ပြောကြားခဲ့သည်။

RBE ရထားတွဲအား မြို့ပတ်ရထားအဖြစ် ပြေးဆွဲရာတွင် တစ်ဦးလျှင် ကျပ် ၃၀၀ နှုန်း ကောက်ခံသွားမည် ဖြစ်သည့်အပြင် ကျိုက်ထီးရိုးသို့ ပို့ဆောင်မည့် လမ်းကြောင်းများပါ ပြေးဆွဲသွားမည် ဖြစ်ကြောင်း ဈေးနှုန်း မသတ်မှတ်ရသေးကြောင်း သိရသည်။

ဦးရဲလွင်က ''သီတင်းကျွတ်က ရောက်တော့မယ်။ ကျိုက်ထီးရိုးကို ပြေးဆွဲဖို့လည်း စီစဉ်နေတယ်။ ရန်ကုန်ကို ရောက်တဲ့ နိုင်ငံခြားသားတွေ အနေနဲ့ကလည်း ရထားနဲ့ သွားချင်တာ ဖြစ်တဲ့အတွက် ပို့ဆောင်ဖို့ စီစဉ်နေပါ တယ်'' ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ ရထားလမ်း ပို့ဆောင်ရေး စနစ်များအတွက် ဂျပန်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်ရန် ၂၀၁၂ ခုနှစ် နှစ်ကုန်းပိုင်းမှ သဘောတူညီမှု ရရှိခဲ့သည့်အတွက် ရထားလမ်းများအား ဂျပန်နိုင်ငံရှိ ပညာရှင်များနှင့် ရထားလမ်း စစ်ဆေးပြုပြင်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။

eleven media group

No comments: