Tuesday, October 22, 2013

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ကန့်သတ်ချက်များကြောင့် ခရီးသည် ခြောက်သန်း အသုံးပြုနိုင်အောင်သာ တိုးချဲ့မည်


Tuesday, 22 October 2013

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တစ်နှစ်လျှင် ခရီးသည် သန်း ၂၀ အထိ ၀င်ထွက် အသုံးပြု နိုင်အောင် တိုးချဲ့တည်ဆောက် နိုင်သော်လည်း လူနေအိမ်ခြေများ၊ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ် စသည့် လေဆိပ်ဧရိယာ တိုးချဲ့ရာတွင် အသုံးပြုမရသည့် မြေဧရိယာများကြောင့် တစ်နှစ်လျှင် ခရီးသည် ခြောက်သန်းသာ အသုံးပြုနိုင်အောင် တိုးချဲ့တည်ဆောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အဓိက ခရီးသွား ၀င်ပေါက်တစ်ခုဖြစ်သော ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သည် နှစ်စဉ် ခရီးသည် ၀င်ရောက်မှု တိုးတက်လာခြင်းကြောင့် မဖြစ်မနေ ချဲ့ထွင်ရန် လိုအပ်လာကြောင်း သိရသည်။ ယင်းကဲ့သို့ လေဆိပ်ဧရိယာအား တိုးချဲ့မည် ဆိုပါက ပြေးလမ်းတစ်ခု တည်းသာရှိသည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် တစ်နှစ်လျှင် ခရီးသည် သန်း ၂၀ အထိ ၀င်ထွက် အသုံးပြုနိုင်အောင် ချဲ့ထွင်နိုင်မည်ဟု သိရသည်။

''ရန်ကုန်လေဆိပ် အနေနဲ့က လူနေရပ်ကွက်တွေနဲ့ နီးကပ်နေတယ်။ ပြီးတော့ လေဆိပ်ဧရိယာ သတ်မှတ် မြေ ဧက ၁၀၀၀ ရှိပေမယ့် လေတပ်စခန်း မြေနေရာလို အသုံးပြုလို့ မရတဲ့ ကန့်သတ်ချက်တွေကြောင့် ခရီးသည် ခြောက်သန်းဆံ့ အထိပဲ တိုးချဲ့နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီတွက်ချက်မှုကို ဂျပန်ကျွမ်း ကျင်ပညာရှင် ငှားရမ်းတွက်ချက်ထားတာ ဖြစ်ပါတယ်''ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောသည်။

ပြေးလမ်း တစ်ခုတည်းသာ ရှိသည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်နှင့် အတူတကွ အသုံးပြုရခြင်းကြောင့် လေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်တစ်စင်း လေယာဉ် ပြေးလမ်းပေါ်၌ အရှိန်ထိန်းချုပ်သည့် လေထီးမပွင့်မှုကြောင့် စက်တင်ဘာ ၃၀ ရက်က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်အား ခေတ္တပိတ်ခဲ့ရသည်။

ယင်းကဲ့သို့ ဖြစ်စဉ်များကြောင့် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်အား အခြားသင့်တော်မည့် နေရာတစ်ခု ခုသို့ ရွှေ့ပြောင်း၍ ရန်ကုန်လေဆိပ် ဧရိယာအား တိုးချဲ့ရန် အစီအစဉ်ရှိမရှိ The Daily Eleven သတင်းစာ၏ မေးမြန်းမှုအား လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ''ကျွန်တော့်အနေနဲ့ကတော့ ရန်ကုန်လေဆိပ်အတွက် ကန့်သတ်မြေနေရာ သတ်မှတ်ပေးထားတဲ့ မြေနေရာ ပေါ်မှာ ခရီးသည် အများဆုံး လက်ခံနိုင်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာပဲ စဉ်းစားပါတယ်။ တပ်မတော် လေ နဲ့ ညှိနှိုင်းဖို့ ဆိုတာက နိုင်ငံတော်က စဉ်းစားပေးရမှာပါ။ နိုင်ငံတော် အနေနဲ့လည်း ဒီနေရာမှာ ဒါရှိဖို့ လိုအပ်လို့ သတ်မှတ်ထားတာဆိုရင် ကျွန်တော့်အနေနဲ့ ဘာမှပြောလို့ မရပါဘူး'' ဟု ပြောကြားခဲ့သည်။

eleven media group

No comments: