Tuesday, October 22, 2013

ကျိုက်ထီးရိုး ဘုရားဖူးရာသီ အဖွင့်၌ ၁၀ နှစ်တာ ကာလအတွင်း ဘုရားဖူး လာရောက်မှု အများဆုံးဖြစ်ပြီး တည်းခိုခန်း ဈေးနှုန်းများ ပုံမှန်ထက် နှစ်ဆမှ သုံးဆအထိ မြင့်တက်


Tuesday, 22 October 2013 

ယခုနှစ် ကျိုက်ထီးရိုးဘုရား ရာသီအဖွင့်၌ ဘုရားဖူး ခရီးသည်များမှာ ယခင်နှစ်များထက် များပြားခဲ့ပြီး ဘုရားဖူးများမှာ တည်းခိုရန်နေရာ မလုံလောက်သည့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရပြီး တည်းခိုခန်းခ နှုန်းထားများမှာ လပြည့်နေ့၌ ပုံမှန်ထက်နှစ်ဆမှ သုံးဆအထိ မြင့်တက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယခုနှစ် သီတင်းကျွတ် လပြည့်နေ့ မတိုင်မီကပင် မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ခရီးသည် အများအပြား စတင်ရောက်ရှိခဲ့ကြပြီး သီတင်းကျွတ် လပြည့်နေ့ အောက်တိုဘာ ၁၉ ရက်၌ ပိုမိုများပြားခဲ့ကာ ကျိုက်ထီးရိုး တောင်ပေါ်ရှိ တည်းခိုခန်းများ၊ ထမင်းဆိုင်များမှာ အခန်းလွတ် မရှိသလောက် ဖြစ်သွားခဲ့ပြီး ယခုနှစ်တွင် လာရောက်သည့် ဘုရားဖူးများမှာ ယခင်နှစ်ရာသီ အဖွင့်ပွဲကထက် ပိုမိုများပြား ခဲ့ကြောင်းကို ဂေါပက အဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။

ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဌေးဝင်းက ''ဒီနှစ်ဖွင့်ပွဲမှာ လာရောက်တဲ့လူ ဦးရေက အရင်နှစ်တွေကထက် အရမ်းများပါတယ်။ ဒါကြောင့် အခက်ခဲ အချို့တွေတော့ ကြုံတွေ့ရပါတယ်။ ဂေါပကအဖွဲ့ ပိုင်ဆိုင်တဲ့ ဓမ္မာရုံတွေက အခမဲ့တည်းခိုလို့ ရပါတယ်။ ငွေကြေးတစ်စုံတစ်ရာ မပေးရပါဘူး'' ဟု ဆိုသည်။

မန္တလေးမြို့မှ ဘုရားလာဖူးသည့် မသဲစုက''ဒီကိုသူငယ်ချင်းတွေနဲ့အတူ လာတာပါ။ အရင်ကတော့ မိသားစုတွေနဲ့ လာဖူးတယ်။ ဒီနှစ်မှ သူငယ်ချင်းတွေနဲ့ သီတင်းကျွတ်မှာ ဘုရားဖူးလာတာပါ။ ဒီရောက်တော့ တည်းခိုခန်းတွေက အခန်းလွတ်ရှားနေပြီ။ နောက်ဆုံး ထမင်းဆိုင် တစ်ဆိုင်မှာ တစ်ရက်သုံးသောင်းနဲ့ တည်းရတယ်။ ရေမီးစုံလို့ ပြောပေမယ့် ရေတစ်ပုံးကို ၃၀၀ နဲ့ ၀ယ်ချိုးရတယ်'' ဟု သီတင်းကျွတ် လပြည့်နေ့ က ဆိုသည်။

တည်းခိုခန်းများ၊ ထမင်းဆိုင်များသာမက ဘုန်းကြီးကျောင်း ဓမ္မာရုံများတွင်ပါ ဘုရားဖူးများဖြင့် ပြည့်နှက် နေပြီး နေရာမရကြသူများမှာ ဘုရားရင်ပြင်တော်ပေါ်တွင် မိသားစုလိုက် နေခဲ့ကြရကြောင်းနှင့် အချို့တည်းခို ခန်းများမှာ လပြည့်နေ့တွင် တည်းခိုခဈေးနှုန်း တက်သွားခဲ့ကြောင်းလည်း သိရသည်။

ရင်ပြင်တော်ပေါ်ရှိ တည်းခိုခန်း တစ်ခုတွင် တည်းခိုနေသူ တစ်ဦးက ''ကျွန်တော်တောင် မနေ့ကတည်းက ဘွတ်ကင်ကြိုလုပ်ထားလို့ အခန်းရတာ။ တည်းခိုခန်းခက ဒီနေ့ (လပြည့်နေ့)မှာ ဈေးတက်သွားတယ်ဗျ။ တချို့ တည်းခိုခန်းတွေဆို ပုံမှန်ထက် နှစ်ဆနီးပါးလောက် တက်သွားတာတွေ ရှိတယ်။ ၁၈ ရက်နေ့က ၄၅၀၀၀ တန်အခန်းကို ကျွန်တော့်မိတ်ဆွေ တစ်ယောက်ဆို ဒီနေ့ကိုးသောင်းန့ ပေးတည်းခဲ့ရတယ်'' ဟု ဆိုသည်။

eleven media group

No comments: