Monday, October 21, 2013
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရသော အမှုကို ရင်ဆိုင်နေရသူများ ကွင်းလုံးကျွတ် လွတ်မြောက်ရေးအတွက် အစိုးရက ဖွဲ့စည်းထားသည့် လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဦးဘိုကြည်က ပြောကြားသည်။
အစိုးရသစ် လက်ထက်တွင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် စိစစ်ဆောင်ရွက် နေသော်လည်း နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးစစ်ဆေးမှုများ များပြားလာသော ကြောင့် အဆိုပါ အမှုများ ကွင်းလုံးကျွတ် လွတ်မြောက်ရေးအတွက် ကော်မတီသို့ တင်ပြထားကြောင်း ၎င်းက ရှင်းပြသည်။ “ထပ်ပြီးတော့ ဖမ်းဆီးမှုတွေ ရှိနေတော့ လက်ကျန် နိုင်ငံရေး အကျဉ်းသားဆိုတာ ရှိနေမှာပါ” ဟု ၎င်းကဆိုသည်။
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးအရေးယူ ခံရမှုများ များပြားလာသော်လည်း အကျဉ်း ထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဦးစားပေး ဆောင်ရွက်နေကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဝင် ဦးရဲအောင်က ပြောကြားသည်။ “လက်ရှိ အခြေအနေမှာ အကျဉ်းသားတွေက ထပ်ပြီးတိုးလာတော့ ကော်မတီကို တင်ပြနေပါတယ်” ဟု ၎င်းက ဆိုသည်။
နိုင်ငံရေး အကျဉ်းသားများကို ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် အကြွင်းမဲ့လွှတ်ပေးမည်ဖြစ်ကြောင်း ဇူလိုင်လ အတွင်း သွားရောက်ခဲ့သော ဥရောပ ခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြား ခဲ့သော်လည်း ပုဒ်မ ၁၈ ဖြင့် အမှုရင်ဆိုင်နေရသူ ၂၃၂ ဦးရှိကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားဟောင်းများ စိစစ်ရေး ကော်မတီမှ သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများကို ၁၂ ကြိမ် လွှတ်ပေးခဲ့ရာတွင် နိုင်ငံရေး အကျဉ်းသား ၁၂၀၀ ကျော် လွတ်မြောက်ခဲ့ကာ အကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်ရန် ကျန်ရှိနေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ထံမှ သိရသည်။
The Voice Weekly

No comments:
Post a Comment