Monday, October 21, 2013

သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲမှုကိစ္စ ဦးခင်ညွန့် ဖွင့်ချလိုက်ပြီ


Monday, October 21, 2013

သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲတယ် ဆိုပြီး စွပ်စွဲခံရသူတချို့ ထောင်ထဲ အနှစ် ၂ဝ ဝန်းကျင် သွားနေခဲ့ရပြီး မကြာသေးခင် နှစ်တွေက ပြန်လွှတ်လာကြပါပြီ။

သူတို့က NLD အဖွဲ့ဝင်တချို့ပါပဲ။ သူတို့က မတရား စွပ်စွဲ ထောင်ချခံရတာပါလို့ တစိုက်မတ်မတ် ပြောလာကြ သူတွေပါ။ သူတို့ကို နှိပ်စက်ညှင်းပန်းပြီး ထောင်ထဲပို့ခဲ့တာ စစ်ထောက်လှမ်းရေးတွေများလား။ စစ်ထောက်
လှမ်းရေး ထိပ်သီး ၂ ဦး ကတော့ ဒီကိစ္စကို အတိအလင်း ငြင်းလိုက်ပါပြီ။"သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲတဲ့ကိစ္စ ကို အမှန်က ကျွန်တော်တို့ထောက်လှမ်းရေးက ကိုင်တာမဟုတ်ဘူး။ သတင်း တပ်ဖွဲ့က ဖော်ထုတ်သွားတာ" လို့ ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်က ပြောဆိုတယ်လို့ စက်တင်ဘာလ (၂၇) ရက်နေ့ထုတ် မော်နီတာသတင်းဂျာနယ်မှာ ရေးထားပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကလည်း အခုလို ပြောပါတယ်။"အမှန်ပဲဗျ။ အက်စ်ဘီက လုပ်သွားတာပဲ။ အဲဒီအချိန်က အက်စ်ဘီတပ်ဖွဲ့မှူးက ဗိုလ်မှူးဖုန်းမြင့်၊ ကျွန်တော် ခေါ်ပြီးတော့ မေးတယ်။ မင်းက ဘယ်က အထောက်အထားတွေနဲ့ လာတာလဲ ဆိုတော့ သေချာပါတယ်ဗိုလ်ချုပ်တဲ့။ ငါတို့လူတော့ မသိဘူးနော်။ မင်းတို့လုပ်တာလို့။ ငါတော့ မသိဘူးကွလို့။ မင်းတို့ သွားတင်ပြကွာ ဆိုတော့ သူတို့ ပြည်ထဲရေးဝန်ကြီးကို သွားတင်ပြတယ်။ အဲဒီတုန်းက ပြည်ထဲရေးဝန်ကြီးက ဗိုလ်ချုပ်ဘုန်းမြင့်။ အဲဒီတော့ ကျွန်တော်တို့ မလုပ်တာ တွေလည်း အများကြီးရှိတယ်ဗျ"

စစ်ထောက်လှမ်းရေးက လုပ်ခဲ့တာမဟုတ်ဘူး လို့ ထိပ်သီး ၂ ဦးက ဖွင့်ချလိုက်ပါပြီ။ အက်စ်ဘီလို့ ခေါ်ကြတဲ့ သတင်းတပ်ဖွဲ့က လုပ်ခဲ့တာ ဖမ်းခဲ့တာ ထောင်ထဲထည့်ခဲ့တာပါတဲ့။ နိုင်ငံရေးသမားတွေကို နှိပ်စက်ညှင်းပန်း ပြီး ထောင်ထဲပို့ခဲ့တာ စစ်ထောက်လှမ်းရေးချည်းပဲ မဟုတ်ဘူး၊ ဟိုကောင်တွေလည်း အများကြီး ပါပါတယ်လို့ သဘော ပေါက်မိပါတယ်။

လွယ်လွယ် ဥပမာပေးရရင် သံလျင်က စွပ်စွဲခံရသူတွေ။ အက်စ်ဘီလို့ ခေါ်ကြတဲ့ သတင်းတပ်ဖွဲ့က အခုချိန်ထိ ရှိနေသေးတယ် ဆိုတော့ ... ဒီလူတွေကို ထောင်ထဲထည့်ခဲ့တာ သက်သေ အထောက်အထား ခိုင်လုံတယ် ဆိုတာ ကြေညာနိုင်ပါတယ်။

အထောက်အထား မခိုင်လုံဘူး၊ အကွက်ဆင်ပြီး ပညာပေးခဲ့တာပါ ဆိုရင် အဲဒီအမှုကို ပြန်စစ်ဆေးဖော် ထုတ်သင့်ပါတယ်။ ဒါမှ ညစ်ခဲ့ ကလိမ်ကျ ခဲ့သူတွေကို အပြစ်ပေးနိုင်မယ်။ မတရားစွပ်စွဲခံရပြီး ထောင်ထဲ အနှစ် ၂ဝ ဝန်းကျင် သွားနေခဲ့ရသူတွေကို ပြန်လည် တောင်းပန်ဖို့ သို့မဟုတ် နစ်နာကြေး ပေးဖို့ လမ်းစ ပေါ်လာမှာ ဖြစ်ပါတယ်။ အက်စ်ဘီ/သတင်း တပ်ဖွဲ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဌာနကြီးတခုပါ။ အမည်းစက်ရှိ တယ်ဆိုရင် လုပ်သင့်တာတွေကို ရဲရဲလုပ်ကိုင် ဖြေရှင်းပါမှ အများပြည်သူရဲ့ လေးစားမှု၊ ပူးပေါင်းဆောင်ရွက် မှုတွေ ရရှိမှာဖြစ်ပါတယ်။

မတရားစွပ်စွဲခံရတဲ့ ကိုညီညီဦးက ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ"စစ်ကြောရေးဝင်တယ်၊ တွေ့တွေ့ ချင်း ထိုးကြိတ်တော့တာပဲ၊ စစ်ခုံရုံးကို သက်သေအတုတွေ တင်ပြပြီး ဇူလိုင် ၂၇ရက်မှာ သေဒဏ်ချလိုက် ပါတယ်" လို့ ပြောပြပါတယ်။

ဧရာဝတီblog

No comments: