Saturday, October 05, 2013

စိန်ခေါ်မှုများ နှင့် ကျော်ဖြတ်ရမည့် တစ်နှစ်တာ



Saturday, 05 October 2013

ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု ၂ နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံ သည် ပြည်တွင်းရေး ပြဿ နာ များစွာ ကို တွေ့ကြုံရလျက် ရှိသည်။ နှစ်ပေါင်း ၆ဝ ကျော်ဖြစ် ပွား ခဲ့သည့် ပြည်တွင်း လက်နက်ကိုင် ပဋိပ က္ခများ ပြေငြိမ်းရန် ညှိနှိုင်း မှု စတင်နိုင်ရုံ ရှိသေးချိန် ထင်မှတ်မထား သည့် ဘာသာရေး၊ လူမျိုးရေး ပဋိပ က္ခများ ထပ်မံဖြစ် ပွားခဲ့သည်။

ထို့အတူ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုများနှင့် များစွာသော မကျေနပ် ချက်တွေ အပေါ် ဆန္ဒ ထုတ် ဖော်မှုများ ကလည်း နေရာဒေသ အနှံ့ကြုံတွေ့ ရင်ဆိုင် ရလျက် ရှိ၏။

လူ့ အခွင့်အရေး ချိုးဖောက်ခံရမှု ပြဿနာများ၊ ခြစား လာဘ်စားမှုများ၊ ဆင်းရဲ မွဲတေမှုများ၊ စသည့် များ မြောင် သော ပြဿနာ များစွာကိုလည်း ရင်ဆိုင် ရလျက် ရှိခြင်းဖြစ်၏။

ယင်းသို့ ရင်ဆိုင်ရလျက် ရှိသည့် များစွာသော ပြဿနာ များသည် လာမည့် ၂ဝ၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ချိန် ကြုံတွေ့ ရနိုင်သည့် စိန် ခေါ်ချက် များ ပင်ဖြစ်သည်။

အထူးသဖြင့် အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းနိုင်ငံ များတွင်ပါပြဿနာ ရေချိန် ရှိသည့် ဘင်္ဂါလီ အရေး ကိ စ္စသည် မြန်မာနိုင်ငံ အနေဖြင့် ကြီးမားစွာ တွေ့ ကြုံ ရနိုင်သော စိန်ခေါ်မှုပင် ဖြစ်သည်။

၂ဝ၁၂ ခုနှစ် မေလ အတွင်းက ရခိုင် ပြည်နယ်မှ စတင်ခဲ့သည့် လူမျိုးရေး ပဋိပက္ခသည် တစ်နှစ်ကျော် ကာ လ အတွင်း နိုင်ငံ ဒေသ အနှံ့ဖြစ်ပွားခဲ့ပြီး ဖိတ်စင်၊ ဒဏ်ရာ ရရှိမှု များနှင့် အိုးမဲ့အိမ် မဲ့ဖြစ်ခဲ့ရသည့် အိမ်ေ ထာင်စု ပေါင်း နှစ် သိန်းကျော်သည် ယနေ့တိုင် အတည်တ ကျ ပြန်လည်နေရာ ချထားနိုင်ခြင်း မရှိ သေး သည့် အခြေ အနေ ကို ကြုံတွေ့နေ ရ ခြင်း ဖြစ်၏။

ထိုပဋိပက္ခများနှင့် ပြန်လည်နေရာ ချထားမှု အခြေ အနေ များ အတွက် နိုင်ငံတကာ မှ အာရုံစိုက် အေ လးထားခဲ့ခြင်း ကြောင့် ယင်းအပေါ် တည်ငြိမ်စွာ ထိန်း သိမ်းနိုင် ရန် မြန်မာနိုင်ငံ အနေဖြင့် အ ထူး ဂရုစိုက် လုပ်ဆောင်လျက် ရှိခြင်းဖြစ် ၏။

အခြေ အနေအား မထိန်းသိမ်းနိုင် လျှင် အာဆီယံ အဖွဲ့ဝင်ဖြစ် ခဲ့ပြီး နှစ် ပေါင်း ၁၆ နှစ်ကြာ မှ လက်ခံ ရယူနိုင်သည့် အာဆီယံ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခွင့် သည် ရှုပ်ထွေးမှု များနှင့်အတူ အာဆီယံ နိုင်ငံများ အပါအဝင် ဆွေးနွေးဖက် နိုင်ငံ များ၊ မိတ်ဖက်နိုင်ငံ များအကြား အရှက် ရဖွယ်သော အခြေအနေ ဖြစ်ပေါ်လာ မည်မှာ အသေ အချာ ပင် ဖြစ်၏။

အာဆီယံ ရေးရာ ကျွမ်းကျင်သူများ ၏ ခန့်မှန်းချက်များ အရ မြန်မာနိုင်ငံ သည် ဘင်္ဂါလီ အရေး ကိစ္စအပါ အဝင် ကချင် ပြည်နယ် တွင်းဖြစ်ပွား လျက် ရှိသော ပြည် တွင်းရေး ပဋိပက္ခများ၊ တိုင်းရင်းသား ရေးရာ များကို တည်ငြိမ်စွာ ထိန်းသိမ်း ထားနိုင်ခြင်း မရှိလျှင် အာဆီယံ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ချိန် ၌ လုပ် ဆောင် ရန် ရည် ရွယ် ထားချက်များ ပျက် ပြယ်သွားမည်ဟု ဆိုသည်။

ယင်းပြဿနာ များသည် အာခိလိ ဖနောင့်ကဲ့သို့ မြန်မာနိုင်ငံ ၏ အားနည်း ချက် များဖြစ်ကြောင်း ဆိုသည်။

ထို့အတွက် ယင်းပြဿနာ များသည် ရေရှည် ဖြေရှင်းရမည့် ပြဿနာ များဖြစ် ခြင်းကြောင့် မြန်မာနိုင်ငံ အနေဖြင့် ပြဿနာများ တည်ငြိမ်မှု ရှိစေရန် ဦးစွာ ကိုင်တွယ်ရန် လို အပ်ကြောင်း၊ အာဆီယံ စီးပွားရေး အသိုက်အဝန်း ကို စိတ်ပါ လက်ပါ အကောင်အထည် ဖော်ပေးရန် လိုအပ်ကြောင်း၊ အာဆီယံ ၏ အဓိက မဏ္ဍိုင် သုံးခုအား ခိုင်မာ သည့် ဖွံ့ဖြိုးမှု ဖြစ်လာရန် လုပ်ဆောင် ပေးရန်လိုအပ် ကြောင်း ခန့်မှန်းချက် များကဆိုသည်။

ထို့အတူ တရုတ်နိုင်ငံနှင့် ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေး ရှိခြင်းကြောင့် အာဆီယံ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင် ချိန်၌ ဖြစ်ပွားလျက် ရှိသည့် တောင်တ ရုတ်ပင်လယ် အငြင်း ပွားမှုပြဿနာကို ညင်သာစွာ ကိုင်တွယ်ရန် လိုအပ်မည် ဖြစ်ကြောင်း ဆိုသည်။

တောင်တရုတ် ပင်လယ် အငြင်းပွားမှု ပြဿနာတွင် ပါဝင်သော အာဆီယံနိုင်ငံ အချို့ အနေဖြင့် အငြင်းပွားမှု အပေါ် မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ တာဝန် ထမ်း ဆောင် ချိန်တွင် တရုတ်နိုင်ငံ ဘက်သို့ အလေး သာသည့် ဆွေးနွေး ချက် များရှိ လာနိုင်မည် လားဆိုသည့် စိုးရိမ်စိတ် က ထုတ်ဖော် မပြောသော်လည်း စားပွဲ ဝိုင်း အောက် တီးတိုး ပြောစကား များအဖြစ် ရှိနေခဲ့ခြင်း ဖြစ်သည်။

အာဆီယံနှင့် တရုတ် ဆက်ဆံရေး သည် ကုန်သွယ်မှု၊ ငွေကြေးနှင့် ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ များတွင် ခိုင်မာသော ဆက် ဆံရေး ရှိထားသော်လည်း တောင်တရုတ် ပင် လယ် အငြင်း ပွားမှုတွင် သက်ဆိုင် သည့်နိုင်ငံ အားလုံး ထိလွယ် ရှလွယ်ရှိနေ ခဲ့ကြခြင်း ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက် အမေရိကန် အစိုးရ က ယင်း အငြင်း ပွားမှုအား အမြန်ဆုံး ဖြေရှင်းရန် အငြင်းပွားမှု၌ ပါဝင်သည့် နိုင်ငံ များ၏ အိမ်နီးချင်း နိုင်ငံများကို တိုက်တွန်း ပြောကြားခဲ့သည်။ အငြင်းပွားမှု အား နိုင်ငံတကာ ဥပဒေ အတိုင်း ဆောင် ရွက်ရန် ပြောကြားခဲ့သည်။ သို့သော် ယင်းအား အငြင်းပွားမှုတွင် ပါဝင်သည့် မည်သည့် နိုင်ငံမျှ နားထောင် လိမ့်မည် မထင်ပေ။

အာရှ ပစိဖိတ်၊ အရှေ့အာရှနှင့် အရှေ့တောင် အာရှ ရေကြောင်း ကုန်သွယ်မှု ဆိုင်ရာ အရေးပါသော ကုန်သွယ်လမ်း ကြောင်း၊ သယံဇာတ များစွာနှင့် အကျိုး အမြတ် များစွာ ရှိနေသည့် တောင်တရုတ် ပင်လယ်သည် အာဆီယံ နိုင်ငံများ ဖြစ်သည့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ် ပိုင်၊ ဘရူနိုင်း၊ မလေးရှား နိုင်ငံများနှင့် အာဆီယံ မိတ်ဖက် နိုင်ငံဖြစ်သည့် တရုတ် နိုင်ငံကြား ရေပိုင်နက် ဆိုင်ရာအငြင်းပွား လျက်ရှိသည့် ပြဿနာ ဖြစ် သည်။ ( ထိုင် ဝမ်လည်း ရေပိုင်နက် အငြင်းပွားမှု တွင် ပါဝင်လျက် ရှိသည်။)

အငြင်းပွားမှု ဖြေရှင်းရန် အာဆီယံ နိုင်ငံများနှင့် တရုတ်နိုင်ငံ အကြား လုပ်ထုံး လုပ်နည်းများ ဆွေးနွေး ညှိနှိုင်းထား ပြီးဖြစ်သော်လည်း ယနေ့တိုင် အကောင် အထည် ဖော်နိုင်ခြင်း မရှိသေးပေ။

ထိုသို့သော အခြေအနေ၌ (တရုတ် နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး မက ရှိထားသည့်) မြန်မာနိုင်ငံမှ အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာလျှင် တောင် တရုတ်ပင် လယ် အငြင်းပွားမှု အတွက် တရုတ်ဘက် ကို အလေးသာမည့် ဦးဆောင်မှုမျိုး ရှိလာမည်ကို လေ့လာသူ အချို့နှင့် အငြင်း ပွားမှုတွင် ပါဝင်သည့် နိုင်ငံ အချို့က စိုး ရိမ်လျက် ရှိခြင်း ဖြစ်၏။

သို့ရာတွင် မြန်မာနိုင်ငံသည် ၄င်း ချမှတ် ထားသည့် ဘက်မလိုက် ကြားနေမှု နိုင်ငံခြားရေး မူဝါဒအတိုင်း အာဆီယံ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ချိန်၌ အပြည့် အဝ ကျင့်သုံး မည်ဟု ယူဆရ၏။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို နိုင်ငံတကာ၏ ပိုမို အသိအမှတ်ပြုမှုနှင့် အဆင်းရဲဆုံး နိုင်ငံ တစ်နိုင်ငံ အဖြစ်မှ ရုန်းထွက်ရန် အခွင့်အလမ်း ကို ဦးဆောင် သူများက လက် လွတ်ခံမည့် အခြေအနေမျိုး မဟုတ်ပေ။

အမှန်တကယ် တမ်းတွင် တောင် တရုတ်ပင်လယ် အငြင်းပွားမှု သည် မြန် မာနိုင်ငံ အနေဖြင့် တိုက်ရိုက် သက်ဆိုင် သည့်ကိစ္စ မဟုတ်ပေ။ ထို့ အတွက် မြန် မာက ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ချိန် အတွင်း မလိုအပ်ဘဲ အချိန် ကုန်၊ ရလဒ်မရှိ မည့် အငြင်းပွားမှု ကို ခေါင်းစဉ်တပ်လို ခြင်း ဆန္ဒရှိမည် မဟုတ်ဟု ယူဆရ၏။ ထို့ ပြင် လက်ရှိ တွင် အငြင်းပွားမှု အတွက် ညှိနှိုင်းဆောင်ရွက်သူ အဖြစ် ထိုင်းနိုင်ငံ က တာဝန်ယူ ထားချိန်ဖြစ်ခြင်းေ ကြာင့် မြန်မာက နေသာ သပ လေညာက အခြေ အနေမျိုး ပင်ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံက ဥက္ကဋ္ဌ ရာထူး ရယူချိန် တောင်တရုတ် ပင်လယ် အငြင်းပွားမှု အရေးကိစ္စ သူ့ခေါင်းပေါ် ကျလာမည့် အရေးကိုလည်း တွက်ဆ ထားမိဟန် ရှိ၏။ တောင်တရုတ် ပင်လယ် အရေးကိစ္စနှင့် နိုင်ငံတကာ မဟာဗျူဟာ မြောက် ဆက်ဆံရေးအတွက် လေ့လာ နိုင်ရန် အငြိမ်းစား ပညာရှင်များ ပါဝင် သော သီးခြား အဖွဲ့ အစည်း တစ်ခုကို နိုင် ငံခြားရေး ဝန်ကြီးဌာန လက်အောက်ခံ အဖြစ် ၂ဝ၁၃ ခုနှစ် နှစ်စ ပိုင်းကပင် ဖွဲ့စည်းပေးထားခဲ့သည်။

ထို့ပြင် ပါးနပ်စွာပင် အာဆီယံ ဥက္ကဋ္ဌ ရာထူး ထမ်းဆောင်ချိန်၌ တောင် တရုတ် ပင်လယ် အရေးထက် ပြည်တွင်းရေး ဖြေရှင်း ဆောင်ရွက်ရမည့် ကိစ္စများစွာ ရှိထား နှင့် ပြီးဖြစ်ကြောင်း အာဆီယံကို လွှမ်းခြုံ သည့် အနေအထားထက် ပြည်တွင်း အရေးကို ဦးစားပေးသည့် အခြေအနေ ကို ထင်ဟပ်သော ကြွေးကြော် သံဖြင့် ပြသ ခဲ့၏။

”ငြိမ်းချမ်း၍ ကြွယ်ဝသော လူ့အဖွဲ့အစည်း ဆီသို့ ညီညီ ညွတ်ညွတ် ရှေ့ ဆက်ချီတက်” ဆိုသည့် ကြွေးကြော်သံ ကို များပြား စွာသော ငြင်းခုံ ဆွေးနွေး မှု များ၊ ကြွေးကြော်သံ ဆောင်ပုဒ်များကို ကျော်လွန် ပြီးနောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ရွေးချယ်ပေး ခဲ့ခြင်း ဖြစ်သည်။ ထိုကြွေးကြော် သံ သည် အာ ဆီယံ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ချိန် နေ ပြည်တော် ကောင် စီ ဖော်ဆောင်မည့် လုပ်ငန်းများ၏ ရည်ရွယ်ရာ လည်း ဖြစ် သည်။

ယင်း အတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ချိန်တွင် အာ ဆီယံ၏ အချက်အချာ ကျမှုကို ဆက် လက်ထိန်း သိမ်းခြင်း ၊ အာဆီယံ၏ တူညီ ဆန္ဒကို ရယူခြင်း၊ အာဆီယံကို ကိုယ်စား ပြုပြီး ဆွေးနွေးဖက် နိုင်ငံများနှင့် ဆက် ဆံရေး ပိုမိုမြှင့်တင်ခြင်း တို့ကို ဆောင် ရွက်သွားမည်ဟု ၄၆ နှစ်မြောက် အာ ဆီယံနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်း ပြောကြား ထားခဲ့ခြင်းဖြစ်သည်။

သို့သာမက အာဆီယံ အဖွဲ့ကြီး၏ လက်ရှိ အောင်မြင်မှုများကို အရှိန်အဟုန် မြှင့်တင်နိုင်ရန်၊ ၂ဝ၁၅ ခုနှစ် အာဆီယံ အသိုက်အဝန်း ထူထောင်ရန် ဆောင် ရွက်ရမည့် ကိစ္စ များကို ဖြည့်ဆည်းရန် နှင့် ၂ဝ၁၅ အလွန် အာဆီယံ၏ သွင်ပြင် လက္ခဏာကို အုတ်မြစ်ချရာတွင် ဦးဆောင် ဦးရွက် ပြုမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားထားခဲ့သည်။

သို့ရာတွင် ငြိမ်းချမ်း၍ ကြွယ်ဝ သော လူ့အဖွဲ့အစည်း အမှန် တကယ် ဖြစ်ပေါ်လာရန် အတွက်က မေးခွန်းများ စွာ ရှိနေသလို စိန်ခေါ်မှု များစွာလည်း ရှိနေ၏။

အတိအကျ တွက်ချက်မှုအရ မြန် မာနိုင်ငံသည် အာဆီယံ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ရန် လပိုင်းသာ ကျန်ရှိခြင်း ဖြစ်သည်။ ထိုကာလ အတွင်း ရင်ဆိုင်ရ မည့် စိန်ခေါ် ချက်များ အတွက် ကောင်း စွာ ကိုင်တွယ် ပြင်ဆင်နိုင်မည် လားဆို သည်က မသေချာသည့် ကိစ္စဖြစ်သည်။

သို့သော် မြန်မာသည် အစဉ်အလာနှင့် မြန်မာဖြစ်သည်။ ကိုယ့်ထီးကိုယ့် နန်း ကိုယ့်ကြငှန်း နှင့်မို့ ရင်ကော့ခေါင်း မော့တတ်ခြင်းက အရိုးစွဲ ခဲ့ပြီးဖြစ်သည်။ ထို့အတူ ”ကြည့်ကောင်းအောင် စီစဉ်မည်။ ကြားကောင်းအောင် ပြောမည်။ ကြုံသလို လုပ်မည်။ ကျန်တာတွေ နောက် မှဖြေရှင်းမည်” ဆိုသည့် ကကြီးလေး လုံး ဖြေရှင်း နည်း ကိုလည်း နိုင်နင်း ကျွမ်းကျင် ထားပြီးဖြစ် သည်။

ထို့အတိုင်းပင် အာဆီယံ ဥက္ကဋ္ဌတာ ဝန်ကို လက်လွဲ ရယူမည်မှာ အသေအ ချာပင် ဖြစ်သည်။

အားသာချက် အဖြစ် အကြံတူ နောက်လူသာစမြဲ ဆိုသည့် ဆိုရိုးအတိုင်း ရှေ့ က အာဆီယံ ဥက္ကဋ္ဌတာဝန် ထမ်းဆောင် သူများထံမှ အတွေ့အကြုံများ ကို မြန်မာ က ကောင်းကောင်း လေ့လာထား ခဲ့နိုင်ပြီး ဖြစ်သလို ဥက္ကဋ္ဌ တာဝန် ထမ်း ဆောင်ရန် ယုံကြည်မှု လည်း ရှိထားပြီး ဖြစ်ပုံရသည်။

ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု ၂ နှစ်တာ ကာလအတွင်း ထင်မှတ်မထား သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာ များစွာကို ကြုံတွေ့ ရခြင်းနှင့် ကိုင်တွယ်ဖြေ ရှင်းရခြင်း အတွေ့အကြုံ များကလည်း မြန်မာနိုင်ငံ၏ ယုံကြည်မှု ကို ပိုမို စေခဲ့ပုံရသည်။

ထို့အတွက် အာဆီယံ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ချိန် ကြုံတွေ့ရမည့် စိန်ခေါ် ချက် များကို တည်ငြိမ်စွာ ကျော်ဖြတ်နိုင် ရန်မြန်မာနိုင်ငံ အနေဖြင့် စိတ်အားထက် သန်နေ သည့် အခြေအနေပင် ဖြစ်၏။

ထို့ကြောင့်ပင် ဒေသတွင်း မတည် ငြိမ်မှုဖြစ်စေသော မီးစ များဖြစ်သည့် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ၊ တိုင်းရင်း သားအရေး၊ အခြေခံ ဥပဒေ ပြင် ဆင်မှု၊ အရပ်ဘက် လူ့ အဖွဲ့ အစည်း အစရှိသည် တို့ကို လွန်ခဲ့သည့် တစ်နှစ်ကျော် ကာလကပင် ညင်သာစွာ ကိုင်တွယ်ဖြေရှင်း မှုဖြင့် ထိန်းအုပ်ထား ခဲ့ခြင်းကို လေ့လာ ကြည့် လျှင် တွေ့ မည်ဖြစ်၏။

သေချာသည် က ၁၆ နှစ်ကျော်မှ ရလာခဲ့သည့် အခွင့် အရေးကို မြန်မာ အ နေဖြင့် ကောင်းကောင်း အသုံးချနိုင်ရန် ကြိုးစားမည် ဖြစ်ပြီး စိန်ခေါ်မှုများ အတွက် အချိန် ယူပြင်ဆင်ထားမှု ရှိသည်က အမှန် ပင်ဖြစ်သည်။

ကောင်းမွန် ညင်သာစွာ ကိုင်တွယ် ဖြေရှင်းနိုင်မှု ရှိမရှိကိုဖြင့် ၂ဝ၁၄ အလွန် ပေါ်ထွက်လာမည့် သက်သေ ပြယုဂ်ကို စောင့်ကြည့်ရုံသာဖြစ်၏။

Popular Myanmar News Journal

No comments: