Saturday, October 05, 2013

NLD ပါတီ၏ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေး လူထု ဆန္ဒကောက်ယူမှု ၄၅ ရက်အတွင်း အပြီးသတ်မည်




Saturday, 05 October 2013


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက လုပ်ဆောင်မည့် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ် ပြန်လည် ရေးဆွဲရေးအတွက် လူထုဆန္ဒ ကောက်ခံမှုကို ၄၅ ရက် (တစ်လခွဲ) အတွင်း အပြီးသတ် ဆောင် ရွက်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် ဦးကိုနီက ပြော ကြား သည်။

အောက်တိုဘာ ၁၂ ရက် နေ့မှစတင်ကာ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ NLD ပါတီဝင်များက အခြေခံဥ ပဒေတွင် ပါဝင်သော အချက်များကို လူထုနှင့် တွေ့ဆုံ ရှင်းပြကာ ဆန္ဒကောက်ခံသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

NLD ပါတီက အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို စက်တင်ဘာ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး တိုင်းရင်း သားပါတီ ၁၃ ခုနှင့် အပတ်စဉ် ဆွေးနွေးခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေး ဆွဲရေးအတွက် ပြည်သူ့ဆန္ဒ ကောက်ခံမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်နေ့တွင် အဆိုပါကော်မတီ က ထုတ်ပြန် ကြေညာထားသည်။ 

“အချိန်ကတော့ သိပ်မရဘူး၊ အတတ်နိုင်ဆုံးတော့ အကောင်းဆုံး လုပ်မှာပါ” ဟု ဦးကိုနီက ဆိုသည်။

အဆိုပါ လူထုဆန္ဒ ကောက်ခံမှုမှ ရရှိလာသော အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ် ပြန်လည် ရေးဆွဲရေး ဆန္ဒကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အခြေခံဥပဒေ စလယ်ဆုံး ပြင်ဆင်ရေးအတွက် လွှတ်တော်လမ်းကြောင်းက လုပ်ဆောင်မည် ဖြစ်ကြောင်း အောက်တိုဘာလ ၁ ရက်နေ့တွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး အကြံပြုချက်များကို အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထား ပေးပို့ရန် အဆိုပါ ကော်မတီက အောက်တိုဘာ ၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ လေ့လာတွေ့ရှိချက်များကို အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ ဒီဇင်ဘာလအတွင်း အစီရင်ခံစာ တင်သွင်းရမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

The Voice Weekly

No comments: