Monday, October 21, 2013
သြစတြေးလျနိုင်ငံ အရှေ့ပိုင်း နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ တောမီးတွေ အခုပေါင်း ၆၀ လောက် ဆက်လက် လောင်ကျွမ်းနေတဲ့အတွက် အရေးပေါ်အခြေအနေကြေညာထားပြီး ဒေသခံတွေကို အတင်း အဓမ္မ ပြောင်းရွှေ့မှုတွေ လုပ်ရမယ့် အနေအထားမှာ ရောက်နေပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေ သွားလာမှုများတဲ့ Blue Mountains ဒေသနဲ့ ဆစ်ဒနီမြို့ အနောက်ပိုင်း ဒေသ နားအထိ တောမီးတွေ ရောက်ရှိလာတဲ့အတွက် ဒေသခံတွေကို ပြောင်းရွှေ့ဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။
တောင်မီးအခုပေါင်း ၆၀ ဝန်းကျင်ထဲက ၁၂ ခုဟာ တားဆီးလို့မရတဲ့ အခြေအနေ ရှိနေပြီး အဲဒီကွက်ကျား လောင်နေတဲ့ မီးတွေထဲက သုံးခု ပူးပေါင်းပြီး မဟာတောမီးလောင်မှု ဖြစ်ပွားနိုင်တဲ့အတွက် စိုးရိမ်မကင်း ဖြစ် နေကြပါတယ်။
အခုလောလောဆယ် အဲဒီတောမီးသုံးခုရဲ့ အကွာအဝေးက ကီလိုမီတာ သုံးရာအကွာမှာသာရှိတဲ့အတွက် ရက်ပိုင်းအတွင်း မီးတွေ တစ်ခုနဲ့တစ်ခု ပူးပေါင်းပြီး မဟာမီးလောင်မှုကြီး ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။
အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ဒေသတဝိုက်က ဒေသခံတွေကို အာဏာပိုင်တွေအနေနဲ့ အတင်းအဓမ္မပြောင်းရွှေ့ခိုင်းဖို့ အမိန့်ရရှိထားပြီ ဖြစ်ပါတယ်။
အဲ့ဒါ့အပြင် လျှပ်စစ်မီးနဲ့ ရေပေးစနစ်ကိုလည်း ဖြတ်တောက်ခွင့်ရထားပြီး မီလောင်သက်သာအောင် အဆောက်အဦး ဖြိုချတာတွေလုပ်ဖို့အတွက်လည်း ခွင့်ပြုမိန့် ရထားပြီ ဖြစ်ပါတယ်။
နယူးဆောက်သ်ဝေးလ်ပြည်နယ်က တောမီးလောင်မှုတွေကို ငြိမ်းသတ်ဖို့ မီးသတ်သမားအယောက်ပေါင်း ၂၀၀ လောက် ရှိနေပြီး အကူအညီပေးဖို့ ဗီတိုးရီးယားပြည်နယ်နဲ့ တခြားပြည်နယ်က အရေးပေါ်ဌာနက လူတွေနဲ့ မီးသတ်ရာမှာ အသုံးပြုတဲ့ ရဟတ်ယာဉ်တွေလည်း ပြီးခဲ့တဲ့ တပတ်ကတည်းက ကူညီပေးဖို့ ရောက် ရှိနေကြပြီဖြစ်ပါတယ်။
ဒီတပတ်အတွင်း ရာသီဥတုက သုံးရက်ဆက်တိုက ပူပြင်းပြီး လေတိုက်မှာ ဖြစ်တဲ့အတွက် မီးသတ် သမားတွေက ညကတည်းက မီးလောင်မှုကြီး မဖြစ်အောင် ကြိုတင်တားဆီးတဲ့အနေနဲ့ မီးကွင်းတွေဖြစ် လာ အောင် တချို့နေရာတွေမှာ မီးတွေ ကြိုတင်ရှို့တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ABC

No comments:
Post a Comment