Thursday, October 10, 2013

၂၃ နှစ်ကြာပြီးနောက် Sakharov လူ့အခွင့်အရေးဆုကို ဒေါ်အောင်ဆန်း စုကြည် လက်ခံရယူမည်


Thursday, 10 October 2013 

ဥရောပပါလီမန်က ၁၉၉၀ ပြည့်နှစ်တွင် ချီးမြှင့်ထားသော လူ့အခွင့်အရေးနှင့် လွတ်လပ်စွာတွေးခေါ်မှုဆိုင်ရာ ဆုဖြစ်သည့်Sakharov ဆုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လက်ခံ ရယူရန်ရှိကြောင်း ဥရောပပါလီမန်က အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်ကြေညာသည်။

လူ့အခွင့်အရေးနှင့် လွတ်လပ်စွာတွေးခေါ်မှုများအား ဘ၀နှင့်ရင်းပြီး ခုခံကာကွယ်ခဲ့သူများအတွက် သတ်မှတ် ထားသည့် Sakharov Prize for Freedom of Thought ဆုကို ၁၉၉၀ ပြည့်နှစ်က ဒေါ်အောင်ဆန်းစုကြည်
အား ဥရောပပါလီမန်က ချီးမြှင့်ခဲ့သော်လည်း ထိုစဉ်က လက်ခံရယူနိုင်ခဲ့ခြင်းမရှိပေ။

ဆုကြေးငွေ ဒေါ်လာ ၆၅၀၀၀ (ယူရို ၅၀၀၀၀)ပါဝင်သည့် အဆိုပါဆုကို ယခင်ရရှိခဲ့သူများတွင် တောင် အာဖရိကနိုင်ငံမှ လူဖြူလူမည်း ခွဲခြားမှုတိုက်ဖျက်ရေး ခေါင်းဆောင်နယ် ဆင်မင်ဒဲလားနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်တို့လည်း ပါဝင်သည်။

ယခုနှစ်အတွက် Sakharov ဆုကို ချီးမြှင့်ရန် လျာထားခံရသူများတွင် အမေရိကန်ထောက်လှမ်းရေး အချက် အလက်များကို ဖွင့်ချသူ အက်ဒ်ဝပ်စနိုးဒင်၊ ပါကစ္စတန် အမျိုးသမီးများ ပညာသင်ခွင့်ရရေး လှုပ်ရှားသူ မာလာလာယူဆတ်ဖ်ဇိုင်နှင့် ဘီလာရုဇ်နိုင်ငံတွင် ထောင်ချခံထားရသည့် အစိုးရဆန့်ကျင်ရေးသမားသုံးဦးတို့ ပါဝင်ကြောင်း သိရသည်။

ကျူးဘားအစိုးရဆန့်ကျင်ရေးသမား ဂီလာမိုဖာရီနက်စ်သည်လည်း ဆုချီးမြှင့်ခံရပြီး နှစ်နှစ်အကြာ ယခုနှစ် ဇူလိုင်လအတွင်းက ဥရောပပါလီမန်ရုံးစိုက်ရာ ပြင်သစ်နိုင်ငံ၊ Strasbourg မြို့သို့ လာရောက်ကာ အဆိုပါ ဆုကို လက်ခံယူခဲ့ကြောင်း သိရသည်။

eleven media group

No comments: