Thursday, January 30, 2014
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ အစ္စရေး နိုင်ငံ သံအမတ်ကြီး H.E.Mr. Hagay Moshe Behar အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၊ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့ လက်ခံတွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ တက်ရောက် ကြသည်။
တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၆ဝကျော် ကြာမြင့်ခဲ့ပြီး ဆက်ဆံရေး လွန်စွာ ကောင်းမွန်မှုများ ရှိခဲ့ပါ ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် အခြေခံ ဥပဒေ နှင့် အညီ ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်နေကြောင်း၊ ယင်းပြုပြင် ပြောင်းလဲမှုများမှာ လွန်ခဲ့သည့်နှစ် ၂ဝကျော် မှစပြီး စနစ်တကျ ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော် အစိုးရ ၏ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းများတွင် အပြည့်အဝ ပူးပေါင်း ပါဝင် ဆောင်ရွက် နေပါကြောင်း၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုများ အပေါ် အစ္စရေးနိုင်ငံမှ အသိအမှတ်ပြု အားပေး ကူညီမှုများ အတွက် ကျေးဇူး တင်ရှိပါ ကြောင်းဖြင့် ပဏာမ ဆွေးနွေးပြောကြားသည်။
ထို့နောက် အစ္စရေးနိုင်ငံ သံအမတ်ကြီးက မြန်မာနိုင်ငံ၏ သမိုင်းတွင် တပ်မတော်သည် အဓိက အစိတ်အပိုင်း အဖြစ် ပါဝင်ခဲ့သည်ကို သံသယ မရှိပါကြောင်း၊ လက်ရှိ ပြုပြင် ပြောင်းလဲမှုများတွင်လည်း တပ်မတော်က ခိုင်မာစွာ ရပ်တည် ပါဝင်မှုကို သိရှိ နားလည်ပါကြောင်း၊ လွန်ခဲ့သည့် နှစ်နှစ်ခွဲ ခန့်မှစပြီး မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲ မှုများတွင် အပြုသဘော ဆောင်ကာ လွန်စွာ တိုးတက် ကောင်းမွန်မှု ရှိကြောင်းဖြင့် ပြန် လည် ဆွေးနွေး ပြောကြားသည်။
ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အစ္စရေး နိုင်ငံ သံအမတ်ကြီး တို့သည် နှစ်နိုင်ငံမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် တူညီသော အခြေ အနေ ရှိပြီး တပ်မတော်က နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ကာကွယ်ထိန်းသိမ်း နေကြရသဖြင့် တစ်ဦးနှင့် တစ်ဦး ယုံယုံကြည်ကြည် ဆက်ဆံပြီး နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား အကျိုး ဖြစ်ထွန်းမည့် ကိစ္စရပ်များတွင် နယ်ပယ်စုံ၌ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး တို့အား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အစ္စရေးနိုင်ငံ သံအမတ်ကြီးအား အထိမ်းအမှတ် တံဆိပ် ပေးအပ်ပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သတင်း ရရှိသည်။
မြ၀တီ
No comments:
Post a Comment