Friday, January 17, 2014

သိန်းနှစ်ရာကျော် တန်ဖိုးရှိသော ရွှေထည်နှင့် ငွေသားအိတ်ကို အငှားယာဉ်မောင်းက ယူဆောင်ထွက်ပြေး


Friday, January 17, 2014 

ခရီးသည်သုံးဦးက ဇန်နဝါရီလ ၁၄ ရက်နေ့ ညပိုင်းက ဗဟန်းမြို့နယ်မှ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းသို့ ငှားရမ်း စီးနင်းခဲ့သော အငှားယာဉ်တစ်စီးမှာ ခရီးသည်က ကားခပေးနေစဉ် မောင်းနှင် ထွက်ပြေးသောကြောင့် ရွှေထည်နှင့် ငွေသား အပါအဝင် ကျပ်သိန်းနှစ်ရာကျော်ဖိုးပါသော အိတ်တစ်လုံး ယူဆောင် ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဗဟန်းမြို့နယ်၊ ကြားတောရ ရပ်ကွက်တွင်နေသူ အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်သန်းကြည်နှင့်အတူ ၎င်း၏ ညီမ၊ တူ ဖြစ်သူတို့က ယင်းနေ့ ည ၇နာရီခန့်က မန္တလေးသို့သွားရန် အောင်မင်္ဂလာ အဝေးပြေး ကားဝင်းရှိ မြတ်မန္တလာထွန်း ကားဂိတ်သို့ ငှားရမ်းကာ ပို့ဆောင်ခိုင်းခဲ့ရာ ည ၉ နာရီခန့်က အဆိုပါဂိတ်သို့ ရောက်ရှိခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။ 

ယင်းနောက် ကားငှားခ ၆၀၀၀ ကျပ်ပေးရန် ယာဉ်နောက်အခန်း ထိုင်ခုံတွင် တင်ထားသော အမျိုးသမီးကိုင် ပိုက်ဆံအိတ်တွင်းမှ ပိုက်ဆံအိတ် အသေးကို ထုတ်ယူကာ ငွေပေးစဉ် အငှားယာဉ်မောင်းက မောင်းနှင် ထွက်ပြေးခဲ့သောကြောင့် အဆိုပါ ပိုက်ဆံအိတ်တွင်းမှ ငွေကျပ်ရှစ်သိန်း၊ သိန်းနှစ်ဆယ်တန် ရွှေလက်ကောက်သုံးကွင်း အပါအဝင် ငွေကျပ် ၂၃၃ သိန်း တန်ဖိုးရှိ ရွှေထည် ပစ္စည်းများမှာ အဆိုပါယာဉ်နှင့် အတူပါသွားခဲ့ကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆက်လက် ပြောကြားသည်။ 

“ကားခယူပြီး မောင်းထွက်ပြေးသွားတာ။ အမျိုးသမီးက ကားနံပါတ် မှတ်ထားပြီး ရဲစခန်းကို သတင်းပေးတာကြောင့် ညတွင်းချင်းပဲ အငှားယာဉ်မောင်းအိမ်ကို စုံစမ်းမိလို့ ပစ္စည်းတွေ အားလုံးနဲ့အတူ ဖမ်းမိတာ။” ဟု မင်္ဂလာဒုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

အဆိုပါ မောင်းနှင် ထွက်ပြေးသွားသော အငှားယာဉ်ကို ယင်းည ၁၂ နာရီခန့်က တောင်ဥက္ကလာပ မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ လတ်တလောတွင် အဆိုပါ ယာဉ်မောင်းကို စစ်ဆေးနေသောကြောင့် အသေးစိတ် အချက်အလက်များကို ဖြေကြားပေးနိုင်ခြင်း မရှိကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

အဆိုပါ သိန်းနှစ်ရာကျော်ဖိုး ပိုက်ဆံအိတ်ကို တင်ဆောင်ကာ မောင်းပြေးသူ အငှားယာဉ်မောင်း သီဟစည်သူ ဆိုသူကို မင်္ဂလာဒုံမြို့မ ရဲစခန်းက (ပ) ၂၁/၁၄၊ ပုဒ်မ ၃၇၉ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

No comments: