Friday, January 17, 2014

ထိုင်းဆန္ဒပြခေါင်းဆောင် ဆူသက်ကိုဖမ်းရန် အဖွဲ့ ဖွဲ့စည်း


Friday, January 17, 2014 

အရွေးကောက်ခံ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလပ်အစိုးရ ဖျက်သိမ်းရေး ဘန်ကောက်မြို့ကို ပိတ်ဆို့ ဆန္ဒပြနေသည့် ရှပ်နီ အဖွဲ့ခေါင်းဆောင် ဆူသက်သောင် ဆူဘန်ကို ဖမ်းဆီးရန် ထိုင်းနိုင်ငံ အမျိုးသား ရဲချုပ် အဒူးဆန်စင်ကေး ဦးဆောင်သော အဖွဲ့ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း The Nation သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်ရုံးခန်းတွင် ပြုလုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး ကျင်းပစဉ် ရဲချုပ်အဒူးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဆူရာပေါင်က ဆန္ဒပြပွဲ အခြေအနေကို မေးမြန်းရာတွင် ဆူသက်ကို ဖမ်းဆီးရန် တပ်ဖွဲ့တစ်ခု ဖွဲ့စည်း တာဝန်ပေးထားပြီး ဖြစ်သည်ဟု ရဲချုပ်အဒူးက အစီရင်ခံခဲ့ကြောင်း The Nation တွင် ဖော်ပြထားသည်။

နိုဝင်ဘာလမှ စတင်သည့် ယင်းလပ်အစိုးရ ဖြုတ်ချနိုင်ရေး ဆန္ဒပြလှုပ်ရှားမှု များကြောင့် ထိုင်းပါလီမန်ကို ဖျက်သိမ်းခဲ့ရပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ပြုလုပ်ရန် စီစဉ်မှုကိုလည်း ဆန္ဒပြ ခေါင်းဆောင်များက လက်မခံဘဲ ယင်းလပ်ရှင်နာဝပ်၏ အိမ်စောင့်အစိုးရ ရာထူးမှ နုတ်ထွက်ရေး ဆက်လက်တောင်းဆိုလျက် ရှိသည်။

သို့သော် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ယင်းလပ်ကမူ ရွေးကောက်ပွဲကို မူလ စီစဉ်ထားသည့် ဖေဖော်ဝါရီလဆန်း၌ပင် ကျင်းပမည်ဖြစ်ပြီး ဆန္ဒပြမှုများမှာလည်း အရှိန်လျော့ကျလာကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

အဘီဆစ်ဝိဇ္ဇာဇိဝ အစိုးရလက်ထက် ဒုတိယဝန်ကြီးချုပ် ဖြစ်ခဲ့သူ အသက် ၆၄ နှစ်အရွယ်ရှိ ဆူသက်ကို အစောင့် ၄၀ နှင့် အစောင့်အရှောက်ကား ရှစ်စီးက ကာကွယ်ပေးထားကြောင်း ရဲချုပ်က အစီရင်ခံခဲ့သည်။ 

ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြပွဲ ကာလအတွင်း win - win ရလဒ်ကို လက်မခံနိုင်ကြောင်း မိန့်ခွန်းများ ပြောကြားပြီး ထောင်ပေါင်း များစွာသော အစိုးရ အတိုက်အခံများကို လှုံ့ဆော်စည်းရုံး နေသူ ဆူသက်ကို ဖမ်းဆီးရန် ဝရမ်းကို နိုဝင်ဘာလ ကတည်းက ရာဇဝတ်မှုဆိုင်ရာ တရားရုံးက ထုတ်ပြန်ထားပြီး ဖြစ်သည်။ 

မြို့တော်ဘန်ကောက် ရပ်ဆိုင်းရေး လှုပ်ရှားမှုအဖြစ် ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်ကာ ဘန်ကောက်ရှိ အချက်အချာ နေရာများတွင် သပိတ်စခန်းဖွင့် ဆန္ဒပြမှုများမှာ သုံးရက်အကြာတွင် အမှန်တကယ် အရှိန်ကျစ ပြုနေသည်ကို တွေ့ရကြောင်း Reuters သတင်းဌာနတွင် ဖော်ပြထား သည်။

ထိုင်းရဲများသည် ယခုအခါ ဆူသက် ရှိနေသည့် ရပ်ချာပရောဆောင်ရှိ ဟိုတယ်ကို သိရှိပြီ ဖြစ်ပြီး ၎င်းကို ဖမ်းဆီးနိုင်ရန် အချိန်ကောင်းကို စောင့်ဆိုင်းလျက် ရှိသည်။

The Voice Weekly

No comments: