Tuesday, January 28, 2014

ရခိုင်ပြည်နယ်မှ သိမ်းဆည်းခံလယ်သမားများ ရန်ကုန်တွင် ဆန္ဒထုတ်ဖော်ရန် စာတင်


Tuesday, January 28, 2014

စစ်တပ်ကသိမ်းဆည်းထားသော လယ်ယာမြေများ ပြန်မပေးသေးဟုဆိုကာ ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ လယ်သမားများက ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖော်ရန် စာတင်ထားသည်ဟု ဂွမြို့နယ် လယ်ယာမြေများ ပြန်လည်ရရှိရေး ဦးဆောင်,ဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုက ဇန်န၀ါရီ ၂၇ ရက် တွင် မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ရင်ပြင်ရှေ့တွင် ဆန္ဒထုတ်ဖော်ရန် ဇန်န၀ါရီ ၂၆ ရက်က စာတင်ထားပြီး လူဦးရေ တစ်ရာဖြင့် ဆန္ဒထုတ်ဖော်မည်ဖြစ်ပြီး ခွင့်ပြုမိန့် မရှိသေးပေ။

“ရခိုင်က လယ်ယာမြေကိစ္စဆိုပေမယ့် တပ်မတော်သိဖို့လိုတဲ့အတွက် ဆန္ဒထုတ်ဖော်ခွင့်ပေးတဲ့နေရာမှာ ထုတ်ဖော်ဖို့ တင်ထားတာပါ”ဟု ဦးတင်ညိုက ပြောသည်။

ဂွမြို့နယ်ရှိလယ်သမားများသည် ငပလီအခြေစိုက် ခလရ(၅၅)တပ်ရင်းရှေ့တွင် ဆန္ဒထုတ်ဖော်ရန် သံတွဲ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ပထမအကြိမ် တင်ပြပြီး ပယ်ချခံရသဖြင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ဆန္ဒထုတ် ဖော်ရန် ထပ်မံတင်ပြခဲ့သော်လည်း ခွင့်မပြုခဲ့သဖြင့် ရန်ကုန်တွင် ဆန္ဒထုတ်ဖော်ရန် ကြိုးပမ်းရခြင်းဖြစ် သည်ဟု ဦးတင်ညိုက ဆိုသည်။

ဂွမြို့နယ် သိမ်းဆည်းခံလယ်သမားများအနေဖြင့် ဇန်န၀ါရီ ၁၈ ရက်က သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်တို့ထံ တိုင်ကြားစာများပေးပို့ခဲ့ပြီး ဖြစ်သည် ဟု ဦးတင်ညိုက ပြောသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ် ပုန်းညက်၊ သဲကုန်း၊ စေတီကွင်း၊ ဂွ၊ ဇီးကုန်း၊ ဆပ်သွား၊ ကမ်းသာယာ စသော အုပ်စုများတွင် ၁၉၉၀ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်အထိ ငပလီအခြေစိုက် ခလရ(၅၅)တပ်ရင်းက သိမ်းယူခဲ့ သော လယ်ယာမြေဧကပေါင်း တစ်ထောင်ကျော်ရှိသည်ဟု ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်သာက ပြောသည်။

“သိမ်းထားတာကြာပြီ ဘာစီမံကိန်းမှလည်း အကောင်အထည်မဖော်သေးဘူး။ ပြီးတော့ ဒီနေရာတွေက ဒေသခံတွေအတွက် စိုက်ပျိုးရေးလုပ်ငန်းတွေလုပ်တဲ့ နေရာတွေဖြစ်တဲ့အတွက် ပြန်ရရှိအောင် လွှတ် တော်ထဲမှာလည်း တင်ဖို့ရှိတယ်”ဟု ဦးကြည်သာက မဇ္ဈိမကို ပြောသည်။

ဂွမြို့နယ်တွင် ကမ်းသာယာကမ်းခြေတွင် ဟိုတယ်လုပ်ငန်းများလည်း လုပ်ကိုင်ကြပြီး သိမ်းဆည်းထား သော မြေယာအများစုမှာ ကမ်းခြေနှင့်ထိစပ်နေသော လယ်ယာမြေများဖြစ်သည်ဟု ဒေသခံလယ်သမား ဦးစိုးဝင်းက ပြောသည်။

“တချို့က မြေလွတ်အဖြစ် ရှိနေသေးပေမယ့် တချို့မြေတွေကို စစ်တပ်က ဟိုတယ်လုပ်ငန်းရှင်တွေကို ပြန်ရောင်းထားပြီး ဟိုတယ်ဆောက်ထားတဲ့နေရာတွေလည်း ရှိတယ်”ဟု ဦးစိုးဝင်းက ပြောသည်။

ငပလီအခြေစိုက် ခလရ(၅၅)တပ်ရင်းမှ သိမ်းဆည်းထားသော မြေယာများ ပြန်လည်ရရှိရေးအတွက် ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်းက သံတွဲမြို့တွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူ ၈၈ မျိုးဆက်ကျောင်း သားဟောင်း ကိုစောဝေကို ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခဲ့သည်။

Mizzima 

No comments: