Tuesday, January 28, 2014

ထိုင်းတွင် ဦးအောင်မင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အပစ်ရပ်ရေး အကြိုညှိနှိုင်းပွဲလုပ်မည်


Tuesday, January 28, 2014

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် အကြိုဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ၀န်ကြီးဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် တိုင်းရင်းသား ခေါင်းဆောင်များ လာမည့် ဇန်န၀ါရီ ၂၉ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အလွတ်သဘောတွေ့ဆုံကြ မည်ဖြစ်သည်ဟု မြန်မာ့ငြိမ်းချမ်းရေးဂေဟာမှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြောသည်။

“ဘားအံဆွေးနွေးပွဲမတိုင်ခင်မှာ ကြိုတင်ညှိနှိုင်းတဲ့ အစည်းအဝေးပါပဲ။ ဘားအံညီလာခံမှာ ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ အချက်အလက်တွေကို ညှိနှိုင်းနိုင်ဖို့အတွက်ပါ။ ၀န်ကြီးဦး အောင်မင်း ဦးဆောင်ပါလိမ့်မယ်”ဟု ဦးလှမောင်ရွှေက ပြောဆိုသည်။

ဇန်န၀ါရီ ၂၀ မှ ၂၅ ရက်အထိ KNU ထိန်းချုပ်ရာနယ်မြေ လော်ခီးလာညီလာခံက အတည်ပြုပေးလိုက် သည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ဆက်လက်ညှိ နှိုင်းသွားကြမည်ဟုလည်း ဦးလှမောင်ရွှေက ဆိုသည်။

လော်ခီးလာ အတည်ပြု လက်မှတ်ရေးထိုးခဲ့သော တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး မူ ကြမ်းကိုလည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT က ရှင်းလင်းတင်ပြမည်ဟု NCCT ဒုတိယခေါင်းဆောင် ဖဒိုကွယ်ထူးဝင်းက ပြောသည်။

“ဝေါ်လေခီးမှာရလာတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေကို ကျွန်တော် တို့ နည်းနည်းညှိတဲ့သဘောပါ။ အလွတ်သဘောတွေ့တာပါ။ ကျွန်တော်တို့တိုင်းရင်းသားတွေဘက်က သဘောတူညီချက်ကို ရှင်းပြမယ်။ သူတို့ကတော့ နားထောင်မှာပေါ့”ဟု ပြောသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၉ မှ နိုဝင်ဘာ ၁ ရက်အထိ ပြုလုပ်ခဲ့သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာတွင် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး အချက် ၁၁ ချက်ပါ သဘောတူညီချက် မူကြမ်းကို ရေးဆွဲခဲ့ပြီး လော်ခီးလာတွင် ထပ်မံဆွေးနွေး အတည်ပြုခဲ့ကြသည်။

Mizzima

No comments: