Friday, February 14, 2014
ကျွန်တော်သည် မည်သည့်ပါတီဝင် တစ်ဦးတစ်ယောက်မှ မဟုတ်သလို အစိုးရနှင့် နီးစပ်သော ပုဂ္ဂိုလ်တစ်ဦးလည်း မဟုတ်ပါ။ ကျေးရွာ အုပ်ချုပ်ရေးမှုးနှင့်ပင် ရင်းရင်းနှီးနှီး မရှိသော သာမန်ပြည်သူ တစ်ဦးသာ ဖြစ်ပါသည်။ ယခုလက်ရှိ မီဒီယာလောကတွင် တွေ့ရှိနေရသော မြန်မာနိုင်ငံ၏ အခြေအနေ တင်ပြချက်များကို မြင်ရတွေ့ရသည်မှာ သာမန် တိုင်းချစ်ပြည်ချစ် စိတ်ရှိသူ တစ်ဦးအနေနှင့် မခံရပ်နိုင်၍ ဒီစာရေး တင်ပြရခြင်း ဖြစ်ပါသည်။
ယနေ့မြန်မာနိုင်ငံတွင် ထွက်ရှိနေသော စာအုပ်စာစောင်များကို ဂျာနယ်ဝယ်ရင်း လေ့လာကြည့်မိပါသည်။ ကျွန်တော်သည် တစ်ပတ်ကို ဂျာနယ်လေးစောင်ခန့် ဝယ်ယူ ကြည့်ရှုပါသည်။ အခြားဂျာနယ် များကိုလည်း ဆိုင်ပေါ်တွင် နာရီဝက်ခန့် ဟိုလှန် ဒီလှန် ကြည့်မိပါသည်။ ဂျာနယ်များ၏ ၇၅ ရာခိုင်နှုန်းခန့်မှာ အစိုးရ မုန်းတီးရေး ရေးသားမှုများကိုသာ တွေ့နေရပါသည်။
ကျွန်တော်၏ အယူအဆမှာ အစိုးရကောင်းရင် ကောင်းတာရေး၊ မကောင်းရင် မကောင်းတာရေး၊ ကိုယ်ရေးကိုယ်တာ မုန်းနေတိုင်း မိမိက ဘက်လိုက် မရေးသားသင့်ပါ။ မီဒီယာများမှာ တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင် ဖြစ်သည်နှင့်အညီ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်ရေးတွင် ကလောင်လက်နက်ဖြင့် တစ်တပ်တစ်အား ပါဝင်စေချင်ပါသည်။
SEA Games ပွဲတော်ကြီးကြောင့် ကမ္ဘာ့အလယ်တွင် မျက်နှာပန်းလှ ဂုဏ်ယူ ချီးမွမ်းနေကြချိန်တွင် ပြည်တွင်းမီဒီယာ အချို့တို့တွင်သာ တစ်မျက်နှာခန့် ကောင်းကြောင်း ရေးသားကြပြီး ငွေကုန်ကြေးကျ များကြောင်း၊ တရုတ်ယမ်းနဲ့ မြစ်ဆုံကြီး လဲလိုက်ရပြီ စသည်တို့သည် မိမိအမုန်းများကို SEA Games ဖြင့် ချေပခြင်း အောက်တန်းကျသည့် စိတ်ဓာတ်များ ဖြစ်ပါသည်။ ထို SEA Games ကြီးကြောင့် မြန်မာ့ ရိုးရာ ခြင်းခတ်ကစားနည်းကို ကမ္ဘာက သိရှိပြီး ဘရာဇီး ကမ္ဘာ့ဖလားပွဲတွင် ဖွင့်ပွဲ၌ ပါဝင် ဖျော်ဖြေရမည်ဟုလည်း သိရှိရပါသည်။ သူ့အဆင့်နှင့်သူ သုံးသင့်သည့် ငွေကိုတော့ နိုင်ငံ့မျက်နှာအရ သုံးစွဲရမည်သာ ဖြစ်ပါသည်။
ဂျာနယ် တစ်စောင်တွင် သတင်းထောက် လျှောက်ထားပါက ထောင်ကျသည့် အကြိမ်ကို ထည့်သွင်း ဖော်ပြရမည်ဟု ရေးသားထားသည်ကို မှတ်သားမိပါသည်။ ကမ္ဘာတွင် မရှိသည့် အရည်အချင်းမျိုး ဖြစ်ပါသည်။
ကျွန်တော်သည် The Voice ဂျာနယ်ပါ ငန်းဖြူနှင့် ငန်းနက် ဆောင်းပါးလေးကို ယနေ့တိုင် သိမ်းဆည်း ထားပါသည်။ ဂျာနယ်ပါ အကြောင်းအရာမှာ အရာရာကို ငန်းဖြူ အယူအဆချည်းပဲ မယူဆဘဲ ငန်းနက်လည်း ရှိတတ်ကြောင်း၊ ဘာလုပ်လုပ် ငန်းနက်ကို ထည့်စဉ်းစားဖို့ လိုကြောင်း ဆရာဇေယျသူက ညွှန်ပြထားပါသည်။ ဒီဆောင်းပါးကြောင့် ကျွန်တော် ဆက်လက်ယူဆရာတွင် လက်သမားလုပ်ရင် မပေါ့နှင့်၊ ငြမ်းကို သေချာလုပ်၊ လိမ့်ကျတတ်တယ်ဟု (ငန်းနက် အယူအဆ) ယူဆလျှင် သေချာစွာ သံရိုက်ပြီး လုပ်ပါက ဘယ်တော့မှ လိမ့်မကျတော့ဘူးပေါ့။ ထန်းပင်တက်လျှင် သေချာကိုင်တက် လိမ့်ကျသေတတ်တယ်ဟု ယူဆထားလျှင် ဘယ်တော့မှ မကျတော့ဘူးပေါ့။ ကျွန်တော်က ဆန်ကုန်သည်ပါ။ ဆန်ပို့ရင်း မကောင်းလျှင် ပြန်လာမယ် (ငန်းနက် အယူအဆ) ဆိုပြီး ယူဆတော့ ကောင်းတာ ပို့တာပေါ့။ ဘယ်တော့မှ ပြန်မလာတော့ဘူး။ နောက်ပြီး မအေးနှင့် ဂဏန်း ဆောင်းပါးကြောင့် ပြဿနာတစ်ခုကို အဆုံးထိ လိုက်ရှာတော့ အမှားအယွင်း မရှိတော့ဘူးပေါ့။ ဒီလို စာမျိုးတွေ ဖတ်ရသိရတော့ တကယ့်လက်တွေ့မှာလည်း အသုံးဝင်တာပေါ့။ တိုးတက်မှုလည်း ရှိတာပေါ့။
အခုတော့ တချို့ ဂျာနယ်တွေက ဖတ်ပြီးရင် အလုပ်လုပ်ချင်ကိုင်ချင်စိတ်ပင် မရှိတော့ဘဲ အကုသိုလ်လည်း အလွန်ကြီးပါသည်။ ဟိုတစ်လောက လယ်ယာဝန်ကြီး ထမင်းတစ်နပ် လျှော့စား ဆိုတာလည်း ဂျာနယ်၊ ကာတွန်းတွေထဲမှာ ပလူပျံနေပါသည်။ ဝန်ကြီးတစ်ပါးက အရက်တုတွေ မသောက်ကြနဲ့၊ ကျွန်တော့် မျက်နှာကိုကြည့် ဆိုပါသည်။ မကောင်းရေးကြသည်။ အခုဝန်ကြီး တစ်ပါး၏ ပြောစကားကလည်း လွှတ်တော်တင်ပြီး အဆိုပြုရသည်အထိ ရောက်လာသည်။
ဥပမာ-ဆရာတော်ကြီး တစ်ပါးသည် နေထိုင်မကောင်းဖြစ်၍ ညစာကို သုံးဆောင်ရန်အတွက် “ဟဲ့ ဒကာကြီး။ ဒီည ဆေးပြင်းတယ်။ အစာခံရှိမှ ဖြစ်မယ်။ ဒါကြောင့် ဒီညစာငါစားမယ်။ ထမင်းပွဲပြင်စမ်း” ဟုပြောခြင်းကို ကပ္ပိယကြီးက ဒကာ၊ ဒကာမတို့ အကြည်အညို ပျက်စေရန် ဘုန်းကြီး ညစာစားကြောင်း လျှောက်ပြောသလို ဖြစ်နေသည်ဟု ထင်ပါသည်။
နိဂုံးချုပ်အနေနှင့် ဂျာနယ်စာစောင်တို့မှ ရေးသားသူများသည် အမုန်းအာဃာတတို့ ရှေ့တန်းမတင်ဘဲ ပြည်သူတွေက ဒီခေတ်မီတဲ့ နိုင်ငံတော်ကြီးကို စုစုဝေးဝေး သွားကြဖို့ ဘယ်လိုပြင်ဆင်ကြမလဲ။ နိုင်ငံကောင်းအောင် ဘယ်လိုလုပ်ကြမလဲ စသည်ဖြင့် ကောင်းရာမွန်ရာများကို များများ ရေးကြဖို့ တိုက်တွန်း လိုက်ရပါသည်။
(ဦးမျိုးချစ်)
The Voice Weekly
No comments:
Post a Comment