Thursday, February 13, 2014
အင်္ဂပူမြို့နယ်တွင် ဧကတစ်ရာ စံပြလယ်ကွက်ကို ဖေဖော်ဝါရီ လကုန်ပိုင်းမှ စတင်၍ မိုးကာလမတိုင်မီ အပြီးသတ် ဖော်ဆောင်မည် ဖြစ်ကြောင်း ဟင်္သာတခရိုင် စက်မှုလယ်ယာ ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကြည်မြင့်က ပြောကြားသည်။
ယင်းလယ်မြေ ဖော်ထုတ်ရန် ပြည်ထောင်စု အစိုးရ၏ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်အတွက် ခွင့်ပြုဘဏ္ဍာငွေ ရထားပြီ ဖြစ်ကြောင်း၊ စံပြကွက် ဖော်ထုတ်ရာတွင် စက်မှုလယ်ယာဌာနမှ မြေညှိအကွက်ဖော် လုပ်ငန်း တစ်ခုတည်းအတွက် တစ်ဧက ကုန်ကျငွေကျပ် တစ်သိန်းခြောက်သောင်းရှိရာ ဧကတစ်ရာအတွက် ကျပ်သိန်း ၁၆၀ ကုန်ကျမည် ဖြစ်ကြောင်း၊ လာမည့်နှစ်တွင် စံပြလယ်ကွက်များ ဖော်ထုတ်မည် ဆိုပါက တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုဘဏ္ဍာငွေဖြင့်သာ ဆောင်ရွက်ရမည်ဟု ၎င်းကဆိုသည်။
စက်မှုလယ်ယာ လုပ်ငန်းများ ပြီးစီးပါက ဆည်းမြောင်း ဦးစီးဌာန ကုန်ထုတ်လမ်းနှင့် ရေနုတ်မြောင်းတူး ဖော်ဖောက်လုပ်ခြင်း လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ရမည် ဖြစ်ရာ မိုးစပါး စိုက်ပျိုးချိန်အမီ အပြီးသတ် ပြုလုပ်ရမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
ဆည်ရေသောက် ဧရိယာများ ဖြစ်သည့်အတွက် အင်္ဂပူမြို့နယ်တွင် စံပြကွက် ဖော်ထုတ်ပေးခြင်းဖြစ်ရာ ယင်းလုပ်ငန်းကို ဒီဇင်ဘာလက စတင်ရမည် ဖြစ်သော်လည်း စံပြကွက် ပြုလုပ်မည့် နေရာသည် တောင်သူများ အားထားရသည့် ပဲစိုက်ခင်း များကြောင့် ၎င်းတို့ စီးပွားရေး ထိခိုက်မှု မရှိစေရန် ဖေဖော်ဝါရီလကုန်ပိုင်းမှသာ စတင်ခြင်း ဖြစ်ကြောင်းလည်း ၎င်းကဆက်လက် ပြောဆိုသည်။
ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ထူးကြီးတွင် ပြီးခဲ့သည့်နှစ်က ဧက ၁၀၀ စံပြ လယ်ကွက် ဖော်ထုတ်ပေးခဲ့ပြီး၊ ယခုနှစ်တွင် ဒုတိယမြောက် ဧက ၁၀၀ စံပြလယ်ကွက် ထပ်မံဖော်ထုတ်ခြင်း ဖြစ်ကြောင်း ဟင်္သာတခရိုင် စက်မှုလယ်ယာ ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
The Voice Weekly
No comments:
Post a Comment