Thursday, February 13, 2014

တရုတ်တွင် အင်အားပြင်း ငလျင်လှုပ်၊ အိမ် ၆၇ လုံး ပြိုကျ


Thursday, February 13, 2014
တရုတ်နိုင်ငံ အနောက်မြောက်ဘက် ရှင်းကျန်းေ၀၀ါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ မနေ့ညနေ ၅ နာရီကျော်လောက်က ပြင်းအား ရစ်ခ်ျတာစကေးလ် ၇.၃ ရှိတဲ့ ငလျင် လှုပ်ခဲ့ပါတယ်။

ငလျင်ကြောင့် အိမ်ခြေ ၆၇ လုံး ပြိုကျပြီး အိမ်အလုံး ၁၀၀၀ ကျော် ပျက်စီးသွားပါတယ်။ မွေးမြူရေး တိရစ္ဆာန် ၁၈၅ ကောင် သေဆုံးတယ်လို့ ဒေသခံ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

ငလျင်ချက်မက လူနေကျဲပါးပြီး ပျမ်းမျှအမြင့် မီတာ  ၅၀၀၀ လောက်ရှိတဲ့ ဒေသမှာ မြေအောက် ၁၂ ကီလိုမီတာ အနက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာပါ။

ပြည်နယ်ရဲ့ မြို့တော်ကနေ ကီလိုမီတာ ၉၀၀ ကျော် ဝေးပြီး အနီးဆုံးလူနေတဲ့ ရွာနဲ့ကတော့ ကီလိုမီတာ ၅၀ ကျော်တယ်လို့ တရုတ်အစိုးရရုပ်သံက ဆိုပါတယ်။ လူအသေအပျောက်စာရင်းတော့ မရသေးပါဘူး။

ငလျင်အပြီး မြေပြင်တုန်ခါမှု စုစုပေါင်း ၇၃၉ ကြိမ်ဖြစ်ခဲ့ကြောင်း စောင့်ကြည့် မှတ်တမ်းတင်ခဲ့ပြီး အကြီးဆုံး တကြိမ်ကတော့ ရစ်ခ်ျတာစကေးလ် ၅.၇ထိ ရှိတယ်လို့ တရုတ်ငလျင် ကွန်ရက်ဌာနက ဆိုပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ၀န်ကြီးချုပ် လီကီချန်တို့က ပြည်သူတွေရဲ့ အသက်အိုးအိမ် ဘေးကင်းရေး အာမခံတဲ့ အားထုတ်မှုတွေ လုပ်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီး ငလျင်အပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

ငလျင်စောင့်ကြည့်ရေး အားဖြည့်ဖို့ အရေးပေါ် စီမံခန့်ခွဲရေးလုပ်ဖို့နဲ့ ကပ်ဘေးအခြေအနေတွေကို စစ်ဆေးဖို့ ဒေသခံ အာဏာပိုင်တွေနဲ့ ဌာနတွေကိုလည်း တိုက်တွန်းထားပါတယ်။

အရပ်ဘက်ရေးရာဝန်ကြီးဌာနနဲ့ ကပ်ဘေးလျော့ကျရေးအတွက် အမျိုးသား ကော်မရှင်တို့ကလည်း တိုက်ရိုက်ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ကပ်ဘေးအခြေအနေတွေကို စစ်ဆေးရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့ပြီး အရေးပေါ်ကပ်ဘေး သက်သာရေး တုံ့ပြန်ချက်တွေကို ကနဦး ဆောင်ရွက်နေပါတယ်။

DVB 

No comments: