Thursday, February 13, 2014
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် မြို့တွင်း လမ်းမများနှင့် မြို့မဈေးကြီး အနီးတစ်ဝိုက်တွင် သုံးတန်အထက် ကုန်တင် မော်တော်ယာဉ်များကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ကာ ဖမ်းဆီး အရေးယူနေပြီ ဖြစ်ကြောင်း တောင်ငူမြို့ ယာဉ်ကြီးကြပ်ရေး အဖွဲ့ထံမှ စုံစမ်း သိရှိရသည်။
မြို့နယ် ယာဉ်ကြီးကြပ်မှု ကော်မတီနှင့် မြို့နယ် အထောက် အကူပြု ကော်မတီ အဖွဲ့ဝင်များ ညှိနှိုင်း သဘောတူညီချက်အရ သုံးတန်အထက် မော်တော်ယာဉ်များကို ယခုနှစ် ဇန်န၀ါရီ ပထမပတ်မှ စတင်ကာ နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ ၀င်ရောက်ခွင့် တားမြစ်ခဲ့ပြီးနောက် စတင် အရေးယူ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း အဆိုပါ ယာဉ်ကြီးကြပ်မှု ကော်မတီအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြို့နယ် ယာဉ်ကြီးကြပ်မှု ကော်မတီဝင်များ၊ ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးနှင့် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများ အပါအ၀င် စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင် ၁၅ ဦးခန့်က တောင်ငူမြို့တွင်း လူစည်ကားရာ လမ်းမကြီးများနှင့် ကန့်သတ် ထုတ်ပြန်ထားသော လမ်းဆုံ လမ်းခွများတွင် လှည့်လည် စစ်ဆေး အရေးယူ ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု တောင်ငူမြို့ခံအချို့နှင့် ခရိုင် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။
ယင်းသို့ ဖမ်းဆီး အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရာတွင် မြို့နယ် ယာဉ်ကြီးကြပ်မှု ကော်မတီ အဖွဲ့အနေနှင့် လိုင်းကားများကိုသာ ဖမ်းဆီး အရေးယူ ဆောင်ရွက်နေခြင်း ဖြစ်ပြီး ကုန်တင်ကုန်ချ ပြုလုပ်နေသည့် သုံးတန်အထက် မော်တော်ယာဉ်များကိုမူ ခရိုင် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက ချလန်ဖြတ်ကာ ဒဏ်ရိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု မြို့နယ် ယာဉ်ကြီးကြပ်မှု ကော်မတီ တာဝန်ရှိသူ တစ်ဦးက ဆိုသော်လည်း တောင်ငူခရိုင် ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဒုတိယရဲအုပ် တစ်ဦးကမူ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက ကူညီ ဆောင်ရွက် ပေးနေခြင်းသာ ဖြစ်ကြောင်း၊ ငွေကြေး စီမံခန့်ခွဲမှုများသည် တောင်ငူမြို့နယ် ယာဉ်ကြီးကြပ်မှု ကော်မတီအဖွဲ့နှင့်သာ သက်ဆိုင်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
ယင်းသို့ ယာဉ်မ၀င်ရ နေရာများ ထုတ်ပြန် ကြေညာမှုကြောင့် တောင်ငူမြို့မ ဈေးကြီးတစ်ဝိုက် လမ်းမကြီးများပေါ်တွင် ကုန်တင်ကားကြီးများ ကိုယ်ပိုင် လမ်းသဖွယ် ရပ်တန့်ပြီး အချိန်ကြာမြင့်စွာ ကုန်တင်ကုန်ချ ပြုလုပ်နေခြင်း မရှိတော့သော်လည်း ကောက်ရိုးမီးသဖွယ် မဖြစ်စေလိုကြောင်း တောင်ငူ မြို့ခံအချို့က ပြောဆိုသည်။
တောင်ငူမြို့နယ် ကန်လမ်း၊ နံပါတ် (၆) လမ်း၊ ကုန်သည်ကြီးလမ်း၊ နံပါတ် (၁) လမ်း၊ ဈေးလမ်းနှင့် ဗိုလ်မှူးဖိုးကွန်း လမ်းမများပေါ်တွင် ကုန်တင်ကုန်ချ ပြုလုပ်သော မော်တော်ကားကြီးများကို ၀င်ရောက်ခွင့် ကန့်သတ် ထုတ်ပြန်ပြီး ဖမ်းဆီး အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နေသော်လည်း အဆိုပါ လမ်းမများရှိ လမ်းဘေး ပလက်ဖောင်းပေါ်အထိ တက်ရောက်ကာ ကုန်ပစ္စည်းများ ရောင်းချနေသူများကိုမူ အရေးယူ ဆောင်ရွက်ခြင်း မရှိသေးကြောင်း တောင်ငူမြို့ခံများက ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment