Friday, February 14, 2014

မုံရွာနှင့် မိတ္ထီလာတွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကျင်းပ


Friday, February 14, 2014

မြန်မာနိုင်ငံ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်သည့် ၉၉ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မိတ္ထီလာနှင့် မုံရွာမြို့တွင် နိုင်ငံရေး အဖွဲ့အစည်းများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ.က.သ)တို့က ဦးဆောင် ကျင်းပခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဗိုလ်ချုပ်၏ ၉၉ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် မုံရွာမြို့ပေါ်တွင် နံပြားဝေခြင်း၊ စတုဒီသာ ထမင်းကျွေးခြင်းနှင့် ပရဟိတကျောင်းများကို လိုက်လံ လှူဒါန်းသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သော ဖေဖော်ဝါရီ ၁၃ အဖွဲ့က မုံရွာမြို့နယ် အနီးတစ်ဝိုက်ရှိ ပရဟိတကျောင်း များသို့ အလှူငွေများနှင့် ပစ္စည်းမျိုးစုံ သွားရောက် လှူဒါန်းခဲ့ကြသည်။

"မနက်အစောကြီး ကတည်းက ဝေနေတော့ လမ်းသွားလမ်းလာ အများစုက ဆိုင်ကယ်တွေ၊ စက်ဘီးတွေ ရပ်ပြီး တကူးတကကို ယူကြပါတယ်။ တစ်ခါတလေ နံပြား ကုန်သွားပေမယ့်လို့ ဝေတဲ့နားမှာ ရပ်စောင့်ပြီးတော့ကို ယူကြတယ်။ ကလေးတွေ လာယူရင်တော့ ဒီနေ့က ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ဖြစ်တဲ့အတွက် ပေးတယ်ဆိုတဲ့ အကြောင်း ပြောပြီးမှ ဝေတယ်" ဟု ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီဝင် တစ်ဦးက ဆိုသည်။

မိတ္ထီလာမြို့ရှိ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ.က.သ) နှင့် (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ဝန်ဇင်း ရပ်ကွက်ရှိ ခရိုင် (ဗ.က.သ)ရုံးတွင် ပဲပြုတ်နှင့် နံပြား လှူဒါန်းကျွေးမွေးခြင်း၊ ဓာတ်ပုံ၊ ပန်းချီ၊ ပိုစတာ ပြပွဲ ပြုလုပ်ကာ ကျင်းပခဲ့ကြောင်း (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးသီဟက ပြောကြားသည်။

ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေး၊ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သက်ဆိုင်သော ဓာတ်ပုံ၊ ပန်းချီ၊ ပိုစတာပြပွဲ ကိုလည်း အများပြည်သူ ကြည့်ရှုနိုင်ရန် ဖေဖော်ဝါရီလ (၁၃) ရက်မှ (၁၅) ရက်အထိ သုံးရက်တိုင်တိုင် မိတ္ထီလာခရိုင် (ဗ.က.သ) ရုံးတွင် ပြုလုပ်မည် ဖြစ်ကြောင်း ယင်းရုံး၏ ထုတ်ပြန် ကြေညာချက်အရ သိရသည်။

The Voice Weekly

No comments: