Friday, February 14, 2014

ရွှေကျင်အုပ်ချုပ်ရေးမှူး ဗိုလ်ချုပ်မွေးနေ့ပိတ်ပင်


Friday, February 14, 2014

ပဲခူးတိုင်း ရွှေကျင်မြို့အလယ်ရှိ လွတ်လပ်ရေးကျောက်တိုင်တွင် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၉၉)နှစ်ပြည့်မွေးနေ့ အမှတ်တရပြုလုပ်ပါက တရားစွဲအရေးယူမည်ဟု ရွှေ ကျင်မြို့အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သည်ဟု ရွှေကျင်ဒေသခံများက မဇ္ဈိမကို ပြော သည်။

ရွှေကျင်မြို့ခံလူငယ်များ ဦးဆောင်ပြီး လွတ်လပ်ရေးကျောက်တိုင်တွင် သံဃာငါးပါးကို ပင့်ဆောင်ဆွမ်းကပ်ပြီး မြို့ခံများကို ဗိုလ်ချုပ်ကိုသတိတရရှိစေရန်အတွက် ပဲပြုတ်နှင့်နံပြား ကျွေးမည့်အစီစဉ်ကို ဇန်န၀ါ ရီ ၂၂ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ဖေဖော်ဝါရီလ ၂ ရက်တွင် ခွင့်ပြုချက်မပေးခဲ့ဟု ရွှေကျင်မြို့ခံလူငယ် ကိုရာဇာက ဆိုသည်။

“မင်းတို့ ဘာရည်ရွယ်ချက်နဲ့လုပ်မှာလဲ။ ဗိုလ်ချုပ်မွေးနေ့နဲ့ကျောက်တိုင်နဲ့ ဘာပတ်သက်မှုရှိလို့လဲလို့ အုပ် ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက ခြိမ်းခြောက်တယ်။ မနေ့က မြို့ထဲမှာ လော်နဲ့ ကျောက်တိုင်ကို အလေးမပြုရ၊ လူစုလူဝေးမလုပ်ရ၊ လုပ်လို့ရှိရင် တည်ဆဲဥပဒေအရ အရေးယူမယ်ဆိုပြီး သတိပေးတာတွေ လုပ်ခဲ့တယ်”ဟု ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ရွှေကျင်မြို့ လွတ်လပ်ရေးကျောက်တိုင်နှင့် မြို့တွင်း၌ ရဲဝန်ထမ်းများ လုံခြုံရေးချထားသည်ဟု ရွှေကျင်မြို့ရဲစခန်းမှ ဒု-ရဲမှူးလှိုင်ထွန်းဝင်းက မဇ္ဈိမ၏ မေးမြန်းမှုကို အတည်ပြုဖြေကြားခဲ့သည်။

“ရဲဝန်ထမ်းတွေတော့ ချထားတယ်။ အင်အားဘယ်လောက် ရှိတယ်ဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ မပြောနိုင်ပါဘူး”ဟု ၎င်းက ဆိုသည်။ ပွဲကျင်းပခွင့်ရရန် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်းသော်လည်း အဆင်ပြေမှုမရရှိခဲ့ကြောင်း ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း၊ လူမှုဆက်ဆံရေးဌာနမှ ကိုဉဏ်လင်းက ဆို သည်။

“ရွှေကျင်မြို့ခံလူငယ်တွေ ကျောက်တိုင်မှာ အလေးပြုခွင့်ရဖို့အတွက် အုပ်ချုပ်ရေးမှူးနဲ့ ညှိနှိုင်းပါတယ်။ နောက်ပြီး အရပ်ဝတ်ရဲတွေနဲ့လည်း ခွင့်ပြုပေးဖို့ ညှိနှိုင်းပါတယ်။ မရခဲ့တဲ့အတွက် သူတို့တွေ ရပ်ကွက်ထဲ မှာပဲ လုပ်ဖြစ်ခဲ့တယ်”ဟု ရွှေကျင်မြို့ခံလူငယ်များ ဗိုလ်ချုပ်မွေးနေ့ကျင်းပခွင့်ရရန် ၀ိုင်းဝန်း အကူညီပေးခဲ့ သော ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်ဆွေဝင်းထံ မဇ္ဈိမက ဆက်သွယ် မေးမြန်းရာ “အစည်းအဝေးလုပ်နေတယ်။ မအားသေးပါဘူး”ဟု ဖြေကြားပြီးနောက် ဖုန်းကို အကြိမ်ကြိမ် ဆက်ခေါ်သော်လည်း ဖုန်းကိုင်ခြင်းမရှိတော့ဘဲ စက်ပိတ်ထားသည်။

Mizzima 

No comments: