Friday, February 14, 2014

အမျိုးသားအင်အားစု တရပ်လုံး ပါဝင်သည့် ပြည်ထောင်စု ညီလာခံ ကျင်းပမည်


Friday, February 14, 2014
အမျိုးသား အင်အားစု တရပ်လုံး ပါဝင်သည့် ပြည်ထောင်စု ညီလာခံကို ၂၀၁၅ ခုနှစ် မတိုင်မီ ကျင်းပနိုင်ရေး အတွက် ရှစ် လေးလုံး ငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး ကော်မတီမှ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုညီလာခံ ကျင်းပနိုင်ရန် အရေးကြီး ပုဂ္ဂိုလ်များနှင့် နိုင်ငံရေး အင်အားစုများ တွေ့ဆုံ စုစည်းရေး အတွက်လည်း ယင်းကော်မတီ က ကြိုးပမ်း နေသည်ဟု ဆိုသည်။

“ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် ဆိုရင် တမျိုးသားလုံး ပါဝင် စုစည်းတဲ့ ပြည်ထောင်စု ညီလာခံ တခု တော့ လိုပြီလို့ သုံးသပ် ကြပါတယ်။ အဲဒီ ပြည်ထောင်စု ညီလာခံဟာ ဘယ်လိုပုဂ္ဂိုလ်တွေ ပါဝင်ရမယ်။ ဘယ်လို ပုံစံမျိုးနဲ့ ဆွေးနွေးသင့်တယ် ဆိုတဲ့ မေးခွန်းကိုတော့ ကျနော်တို့ ဒီကနေ့က စပြီးတော့ ကြိုးပမ်းကြရမှာပါ။ အဲဒီမှာ တိုင်းသိပြည်သိ ပုဂ္ဂိုလ်များ၊ နိုင်ငံရေး အရ အရေးပါတဲ့ အခန်းကဏ္ဍမှာ အလုပ်လုပ်နေကြတဲ့ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို လိုက်လံ ချဉ်းကပ် ပြီး တော့ မှ ပြည်ထောင်စု ညီလာခံမှာ ဘယ်လို ဖြစ်သင့်သလဲ ဘယ်လို ပုဂ္ဂိုလ်တွေ ပါဝင်သင့်သလဲ ဆိုတာကို သဘောထားတွေ ရယူမှာပါ”ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင် က ပြောသည်။

ပြည်ထောင်စု ညီလာခံ တရပ် ဖြစ်မြောက်ရေး အတွက် ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး ကော်မတီမှ ဦးဆောင် ကျင်းပသွားရန် လုပ်ဆောင်သွားမည် မဟုတ်ဘဲ သက်ဆိုင်ရာ အစိုးရ၊ တိုင်းရင်းသားများ၊ အဖွဲ့အစည်းများ ပါဝင်လာ ရေးကိုသာ ညှိနှိုင်း ဆွေးနွေးသွားရန် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပခင် ပြည်ထောင်စု ညီလာခံ တရပ် ကျင်းပ နိုင်ရန် တိုက်တွန်း ကြိုးပမ်း သွားမည်ဖြစ်ကြောင်း သိရသည်။

ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး ကော်မတီက ရှစ်လေးလုံး ငွေရတုပွဲတွင် ဆုံးဖြတ်ခဲ့သည့် အချက် သုံးချက်ကို အကောင်အထည် ဖော်ရန် အတွက် ယမန်နေ့က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးခန်း၌ မီဒီယာများအား တွေ့ဆုံ အသိပေးခြင်း ဖြစ်သည်။

ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်များ ဖြစ်သည့် ကိုယ့်ကြမ္မာ ကိုယ်ပြဌာန်းပိုင်ခွင့် ရှိ၍ တန်းတူ ညီမျှမှုရှိသော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရန်၊ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်တခု ဖော် ဆောင် နိုင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ် ဖြစ်ပေါ်လာရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ပြောင်း လဲရန် သို့မဟုတ် အသစ် ပြန်လည်ရေးဆွဲရန် နှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အမျိုးသား အင်အားစု အားလုံး ပါဝင်သည့် ညီလာခံတရပ် ကျင်းပရန် စသည့် အချက်များကို အကောင်အထည်ဖော် သွားမည် ဖြစ်သည်။

ယင်းငွေရတု အခမ်းအနားမှ ဆွေးနွေးခဲ့သည့် ရလဒ်များနှင့် ပတ်သက်ပြီး ဆက်လက် အကောင်အထည် ဖော်ရေးအတွက် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ ပါဝင်သည့် ကော်မတီဝင် ၃၅ ဦးနှင့် ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေး ဦးဆောင် ကော်မတီတခု ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သြဂုတ်လ ၆၊ ၇ ရက် များတွင် ၆၂၊ ၇၄၊ ၈၈ မျိုးဆက် (ပြည်တွင်း၊ ပြည်ပ) နိုင်ငံရေး အင်အားစုများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ၊ ဒီမိုကရေစီ အင်အားစုများ၊ တက်ကြွလှုပ်ရှားသူများ၊ မျိုးဆက်သစ် လူငယ်များ၊ လယ်သမား အလုပ်သမားများ အပါအ၀င် ကိုယ်စားလှယ် ၃၅၀၀ ခန့် တက်ရောက်ခဲ့သည့် ရှစ်လေး လုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု နိုင်ငံရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာ ကွန်ဗင်းရှင်း စင်တာတွင် ကျင်းပ ခြင်း ဖြစ် သည်။

The Irrawaddy 

No comments: