Sunday, February 09, 2014
ကိုလိုနီခေတ်တစ်လျှောက်တွင် မြန်မာနိုင်ငံ၌ အင်္ဂလိပ်လူမျိုးဘုရင်ခံ အသီးသီးအုပ်ချုပ်ခဲ့ကြရာ ထူးထူးခြားခြား မြန်မာလူမျိုးတစ်ဦးလည်း ဘုရင်ခံ ဖြစ်ခဲ့ဖူးပါသည်။ ယင်းမြန်မာလူမျိုးဘုရင်ခံ၏ အမည်မှာ ဆာဂျေအေမောင်ကြီးဖြစ်သည်။
ဘုရင်ခံဆာဂျေအေမောင်ကြီးသည် ၁၉၃၈ ခုနှစ် သြဂုတ်လတွင် ဘုရင်ခံအဖြစ် ခန့်အပ်ခြင်းခံခဲ့ရရာ သြဂုတ် ၁၂ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါသည်။
ကြိုတင်ပြင်ဆင်မှုများ
ဘုရင်ခံအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့်သူမှာ မြန်မာလူမျိုးတစ်ဦးဖြစ်သဖြင့် ရန်ကုန်မြို့သူမြို့သားအများက စိတ်ဝင်တစား ရှိခဲ့ကြသည်။ ဘုရင်ခံအား ရန်ကုန်မြို့ အတွင်းဝန်များရုံးကြီး၏ အလယ်ရှိ ဥပဒေပြုအဖွဲ့အစည်းခန်းတွင် ကျမ်းသစ္စာ ကျိန်ဆိုရန် ကြိုတင်စီစဉ်ထားသည့်အလျောက် မင်းခမ်းမင်းနားကို ကြည့်ရှုရန် ဘုရင်ခံကြွရာက်လာမည့်လမ်းမှ ကြိုတင်စောင့်ဆိုင်းနေကြလေသည်။ သို့သော် ထိုနေ့နံနက်တွင် မိုးအနည်းငယ်ရွာသွန်းလိုက်သဖြင့် မူလစီစဉ်ထားသည့်အတိုင်း လမ်းအသီးသီးတွင် မင်းခမ်းမင်းနားဖြင့် မကျင်းပနိုင်တော့ပေ။
ဘုရင်ခံကြွရာက်လာခြင်း
ဘုရင်ခံအဖြစ် အထူးဂေဇက်ဖြင့် ထုတ်ပြန်ခန့်အပ်ခြင်းခံရသူ ဆာဂျေအေမောင်ကြီးသည် အစိုးရအိမ်တော်မှ ကျမ်းသစ္စာဆိုရမည့် ဌာနသို့ မော်တော်ကားဖြင့် မောင်းနှင်ကြွရောက်လာခဲ့သည်။ ဘုရင်ခံကား၏ ရှေ့မှ အင်္ဂလိပ်ကပြား ဆပ်အင်စပက်တော်တစ်ဦး က မော်တော်ဆိုင်ကယ်ဖြင့် ရှေ့ပြေးအဖြစ် မောင်းနှင်လာပါသည်။ ဘုရင်ခံဆာဂျေအေမောင်ကြီးသည် ဥပဒေပြုအဖွဲ့အစည်းခန်းသို့ မရောက်ရှိမီတွင် အတွင်းဝန်များရုံးခန်း မှ ခေါင်းပြူကြည့်ရှုသူများ ရှိကြသကဲ့သို့ လမ်းဘေးဝဲယာတစ်လျှောက်တွင်လည်း မြန်မာ လူမျိုးဘုရင်ခံကို မြင်ဖူးလိုကြသဖြင့် တိုးဝှေ့ကြည့်ရှုခဲ့ကြသည်။ ထို့ပြင် ရုပ်ရှင်ကုမ္ပဏီများ၊ သတင်းစာတိုက်များနှင့် ဓာတ်ပုံဆရာများကလည်း အဆင်သင့်စောင့်မျှော် မှတ်တမ်းတင်ကြသည်။
အတွင်းဝန်များရုံးခန်းသို့
ဘုရင်ခံဆာဂျေအေမောင်ကြီးသည် အနောက်တိုင်းဝတ်စုံကို ဆင်မြန်းကာ မော်တော်ကားဖြင့် မွန်းတည့် ၁၂ နာရီမထိုးမီတွင် အတွင်းဝန်များရုံး ဥပဒေပြုအဖွဲ့အစည်းခန်း မြောက်ဘက်သို့ ဆိုက်ရောက်လာခဲ့သည်။ထို့နောက် အင်္ဂလိပ်လူမျိုး ကိုယ်ရံတော် ဗိုလ်မှူးများ ခြံရံကာ အစည်းအဝေးခန်းအတွင်းသို့ ၀င်ရောက်သွားလေသည်။ရုံးဝင်းအပြင်ဘက်မှ ကြည့်ရှုနေကြသူများအဖို့ မြင်ကွင်းမှာ ခပ်ရေးရေးမျှသာ ဖြစ်ပါသည်။ သို့သော် မကြာမီ ရုံးဝင်းပြင်ပရှိ မြို့နေလူထုအား ရုံးအတွင်းသို့ ၀င်ခွင့်ပြုခဲ့သည်။
မြန်မာများအတွက် သီးခြားစီစဉ်ခြင်း
ယခင်က ဘုရင်ခံ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ဘုရင်ခံအိမ်တော်၌သာ ကျင်းပမြဲဖြစ်သည်။ ယခုတစ်ကြိမ်တွင်သာ မြန်မာများစုဝေးရာအရပ်နှင့် နီးစပ်မှုရှိသော အတွင်းဝန်များရုံးကြီးအတွင်း ကျင်းပခြဲ့ခင်းဖြစ်ပါသည်။ ယင်းသို့ ကျင်းပခြင်းမှာ မြန်မာတို့အား နှစ်ထောင်းအားရဖြစ်စေလိုသောကြောင့်ဟု မှတ်ယူခဲ့ကြသည်။
ကျမ်းသစ္စာကျိန်ဆိုရန် အခန်းတွင်းသို့ ဆာဂျေအေမောင်ကြီး ၀င်ရောက်သောအခါ ရှေ့ဆုံးမှဝန်ကြီး (ထိုခေတ်အခေါ် ၀န်ကြီးချုပ်) များ၊ တာဝန်ခံအမတ်များ၊ ကိုယ်ရံတော်ဗိုလ်မှူးများကို ထားလျက် ၀င်ရောက်ခဲ့သည်။ ဥပဒေပြုအဖွဲ့အစည်းခန်း၏ အရှေ့တောင်ဘက် တွင် ပန်ချာပီစစ်တပ်များ ချထားသည်ကပင် လာရောက်ကြည့်ရှုကြသူပရိသတ်အတွက် အထူးအဆန်းသဖွယ် ဖြစ်နေပါသည်။
ကျမ်းသစ္စာကျိန်ဆိုခြင်း
ဘုရင်ခံဆာဂျေအေမောင်ကြီးသည် အခြွေအရံများနှင့်တကွ ကမ္ဗလာအနီရောင်ခင်းထားသည့် လမ်းတစ်လျှောက် လျှောက်ကာ အခမ်းအနားသဘင် ကျင်းပမည့်နေရာသို့ ၀င်ရောက်လာခဲ့သည်။ ထိုစဉ်အခန်းတွင်းသို့ရောက်ရှိနေကြသူ လူကြီးလူကောင်းများက ရိုသေသမှုဖြင့် မတ်တတ်ရပ်အရိုအသေ ပြုကြပါသည်။ ထို့နောက် တရားဝန်ကြီးချုပ်က ဆာဂျေအေမောင်ကြီးအား ကျမ်းသစ္စာ ကျိန်ဆိုစေခဲ့သည်။
အမြောက်ပစ်ဖောက် ဂုဏ်ပြုပုံ
ကျမ်းသစ္စာကျိန်ဆိုပြီးသည်နှင့် အမြောက် ၁၇ ချက် ပစ်ဖောက်ကာ အင်္ဂလိပ်တပ်က ဘင်ခရာဖြင့် တီးမှုတ်ပါသည်။ ထို့နောက် ဘုရင်ခံဆာဂျေအေမောင်ကြီးက တစ်ဖန်ပြည်ထဲရေးဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသော မစ္စတာတီကူးပါးကို ကျမ်းသစ္စာပြုစေ လိုက်ပါသည်။ ဘုရင်ခံဆာဂျေအေမောင်ကြီး ကျမ်းသစ္စာကျိန်ဆိုပြီးချိန်တွင် ဂုဏ်ပြုအမြောက်ကို မလှမ်းမကမ်းရှိ စိန်ပေါကျောင်း (ယခု ဗိုလ်တထောင်အထက ၆)ကျောင်းဝင်း အတွင်းမှ ပစ်ဖောက်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်များကို စစ်ဆေးခြင်း
ဘုရင်ခံဆာဂျေအေမောင်ကြီးသည် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား ပြီးစီးသွားပြီးနောက် အစည်းအဝေးခန်းမအတွင်းမှ အပြင်ဘက်သို့ ထွက်လာကာ ကိုယ်ရံတော်ဗိုလ်မှူးများ ခြံရံလျက် စစ်တပ်ကို စစ်ဆေးခဲ့သည်။ ထိုစဉ်သတင်းထောက်များ၊ ဓာတ်ပုံဆရာများက အလုအယက် ဓာတ်ပုံရိုက်ကြသည်။ ရုပ်ရှင်ကုမ္ပဏီအချို့ကလည်း မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးကြသည်။ စစ်တပ်ကို လိုက်လံစစ်ဆေးသောအခါတွင်မှ ရန်ကုန်မြို့နေ လူထုက အနောက်တိုင်းဝတ်စုံဝတ်ထားသော ဘုရင်ခံကို အနီးကပ်အသေအချာ မြင်ကြရတော့သည်။
လက်ခုပ်သြဘာပေးကြပုံ
အခမ်းအနားကို ကြည့်ရှုနေကြသည့် ရန်ကုန်မြို့နေ လူထုပရိသတ်သည် ဘုရင်ခံဆာဂျေအေမောင်ကြီးအား အနီးကပ်မြင်ကြရသည်နှင့် နှစ်ထောင်းအားရဖြစ်ကာ လက်ခုပ်သြဘာပေးကြသည်။ လူထုပရိသတ်မှာ မြန်မာလူမျိုးတစ်ဦး ဘုရင်ခံဖြစ်လာခဲ့ခြင်းအတွက် ၀မ်းမြောက်ဝမ်းသာ ရှိခဲ့ကြသည်။ဘုရင်ခံဆာချားလ်အင်းနစ်မှာ ယင်းနေ့နံနက်၌ပင် အရွန်းဒါးအမည်ရှိ သင်္ဘောဖြင့် အင်္ဂလန်သို့ ထွက်ခွာသွားခဲ့သည်။
သူရိယသတင်းစာ၏ အရေးအသား
ဘုရင်ခံဆာဂျေအေမောင်ကြီး၏ ကျမ်းသစ္စာကျိန်ဆိုပွဲအပေါ် ထိုခေတ်ကာလ ပြည်သူလူထု၏ သဘောထားကို (၁၃-၈- ၁၉၃၀) ရက်စွဲပါ သူရိယသတင်းစာတွင် “နိုင်ငံရေးသမားများတို့သည် ယခုအခါမြန်မာများသည် အုပ်ချုပ်ရေး၏ အနှစ်မရ အသွင်ရသည်ဟု ပြောဆိုလေ့ရှိကြသည့်အတိုင်း မြန်မာလူမျိုးဘုရင်ခံကို အင်္ဂလိပ်အုပ်ချုပ်သော နည်းစနစ်အရ ခန့်အပ်လိုက်သည်ကို မျက်ဝါးထင်ထင် တွေ့ကြရသော အသွင်မျှကို မြင်ရရုံနှင့်သော် တို့မြန်မာဟူ၍ အောက်မေ့ကာ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြသည်ကို မြင်ရသည့်အခါ တကယ်စစ်စစ် အနှစ်တည်းဟူသော လွတ်လပ်ရေးကို ရကြသည့်အခါ အဘယ်မျှ ၀မ်းမြောက်ဝမ်းသာကြမည်ကား တွေးတော၍ပင် မဆုံးတော့တကားဟု အောက်မေ့ကြရကြောင်း” ဟူ၍ ရေးသားဖော်ပြခဲ့သည်။
ပြောင်းလဲလာသောအခြေအနေ
ဘုရင်ခံဆာဂျေအေမောင်ကြီး ကျမ်းသစ္စာကျိန်ဆိုပြီး ရက်သတ္တတစ်ပတ်အကြာ သြဂုတ် ၁၉ ရက်တွင် ဘုရင်ခံအိမ်တော်၌ ဥရောပပြန် ပန်းချီဆရာ ဦးဘဥာဏ်၏ ပန်းချီကားပြပွဲကြီးကို ပထမအကြိမ်အဖြစ် ကျင်းပခဲ့သည်။ မြန်မာမှုကို အားပေးချီးမြှောက်သော မြန်မာလူမျိုးဘုရင်ခံသစ်အပေါ် ပြည်သူလူထုက ၀မ်းမြောက်ဝမ်းသာ ရှိခဲ့ကြသည်။သို့သော် မကြာမီအခြေအနေများက ပြောင်းလဲလာခဲ့သည်။ သူရိယသတင်းစာတိုက်မှာ အာမခံငွေတစ်သောင်း အတောင်းခံရပြီး ဦးစိုးသိမ်း ဂျီစီဘီအေနှင့် အသင်းအဖွဲ့ပေါင်းများစွာမှာ အထူးဂေဇက်ဖြင့် မတရားသင်းအဖြစ် ကြေညာခံခဲ့ရသည်။
တောင်သူလယ်သမားအရေးသို့
ဘုရင်ခံသစ် ဆာဂျေအေမောင်ကြီးသည် ကျမ်းသစ္စာကျိန်ဆိုပြီး မကြာမီ တိုင်းခမ်းလှည့်လည်ရင်း သာယာဝတီဒိစတြိတ်ကောင်စီ ဧည့်ခံပွဲသို့တက်ရောက်ခဲ့သည်။ ဒိစတြိတ်ကောင်စီလူကြီးများက ဘုရင်ခံလာရောက်စဉ် ဆက်သသောသြဘာစာ၌ နိုင်ငံ ပြည်သူတို့ ကြည်ဖြူစွာ မပေးလိုကြသည့် သဿမေဓနှင့် လူခွန်တော်ကို ဖျက်သိမ်းသင့်ကြောင်း အကြံပြုခဲ့ကြသည်။
ဘုရင်ခံဆာဂျေအေမောင်ကြီးက အစိုးရစစ်တပ်များက ကျေးရွာများကို နှိပ်စက်သည်ဟု အစိုးရအား တိုင်တန်းသောလျှောက်လွှာများကိုရကြောင်း၊ အခွန်တော်မပေးဘဲနေလျှင် ဤသို့ပင်ခံရလိမ့်မည်ဖြစ်ကြောင်း၊ သဿမေဓနှင့် လူခွန်တော်ကို အစိုးရက ဖျက်သိမ်းရန် မကြံရွယ်ကြောင်း စသည်ဖြင့် ပြန်ကြားပြောဆိုခဲ့ပါသည်။ ဘုရင်ခံ၏ ငြင်းဆိုချက်ကို ကြားသိရသည့် တောင်သူလယ်သမားများမှာ “သေလျှင်မြေကြီး၊ ရှင်လျှင်ရွှေထီး”ဟူ၍ သဘောထားကာ အစိုးရအား တော်လှန်ပုန်ကန်ရန် ယတိပြတ် ဆုံးဖြတ်ခဲ့ကြတော့ရာ တောင်သူလယ်သမားအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့တော့သည်။
ဘုရင်ခံအိမ်တော်နှင့် မြန်မာလူမျိုးဘုရင်ခံ ဆာဂျေအေမောင်ကြီး
Eleven Media Group

No comments:
Post a Comment