Sunday, February 09, 2014

အဝေးပြေးခရီးသည်ယာဉ်ပေါ်တွင် ခရီးသည်တစ်ဦးသေဆုံးမှု စစ်ဆေးနေ


Sunday, February 09, 2014

ပခုက္ကူ-ရန်ကုန်ပြေးဆွဲသည့် အောင်ကျော်မိုး အဝေးပြေးခရီးသည်ယာဉ် တစ်စီးပေါ်တွင် အမျိုးသားတစ်ဦး သေဆုံးခဲ့မှုကို ဖေဖော်ဝါရီ ၈ရက်တွင် မင်္ဂလာဒုံရဲစခန်းက ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်ကို အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ဖေဖော်ဝါရီ ၈ရက် နံနက် ၅ နာရီခွဲအချိန်က အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းသို့ ရောက်ရှိလာသည့် ပခုက္ကူ-ရန်ကုန် ပြေးဆွဲသည့် ခရီးသည်တင် ယာဉ်ပေါ်တွင် ခရီးသည်တစ်ဦးကို သေဆုံးလျက် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူသည် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတောမြောက်စုရွာတွင် နေထိုင်သည့် ဦးကျော်စိုး (၄၃)နှစ် ဖြစ်သည်ဟု သွားရောက်စစ်ဆေးခဲ့သည့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းသည် ယာဉ်ပေါ်မှ ခရီးသည်များ ဆင်းသွားသည့် အချိန်တွင် မဆင်းဘဲ ယင်းလိုက်ပါသည့် ထိုင်ခုံအမှတ် ၃၇ ပေါ်တွင် မှောက်လဲနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယာဉ်နောက်လိုက်က သွားရောက်နှိုးစဉ် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် အလောင်းကို ရဲတပ်ဖွဲ့က စစ်ဆေးရာတွင် ပြင်ပဒဏ်ရာ မတွေ့ရှိရသဖြင့် အသေးစိတ် စစ်ဆေးနိုင်ရန် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ထားသည်။

ထို့ပြင် ယင်းသေဆုံးမှုကို ဓမ္မတာတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးပေးရန် ဒုရဲအုပ် ညွန့်ဝင်းက တရားလိုပြုလုပ် တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို မင်္ဂလာဒုံရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၄ ဖြင့်အမှုဖွင့်ပြီး စခန်းမှူးဖြစ်သူ ဒုရဲမှူး ဝင်းမြင့်က စစ်ဆေးလျက်ရှိသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Mizzima 

No comments: