Sunday, February 09, 2014

ရခိုင်ပြည်နယ် မြောက်ဦးတွင် နိုင်ငံသားဖြစ်မှု ဥပဒေ အကောင်အထည်ဖော်ရန် ဆန္ဒဖော်ထုတ်


Sunday, February 09, 2014
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် နိုင်ငံသားဖြစ်မှုဥပဒေကို အကောင်အထည်ဖော်ပေးရန် ဖေဖော်ဝါရီလ ၉ရက်တွင် ဒေသခံ တစ်ထောင်ကျော်က စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ထို့အပြင် ရခိုင်ပြည်နယ် မြို့ကြီးများဖြစ်သော စစ်တွေ၊ ဘူးသီးတောင်နှင့် မြောက်ဦးမြို့များသာမက မင်းပြားနှင့်ကျောက်တော် မြို့များတွင်လည်း ဆက်လက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ရန် စီစဉ်လျှက်ရှိသည်ဟု ရခိုင်လူမှုကွန်ရက် အဖွဲ့ဝင်များက ဖေဖော်ဝါရီ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို တိကျစွာအကောင်အထည်ဖော်ပေးရန်၊ အဖြူရောင်ကဒ်များဖြင့်
မဲပေးခွင့်ရွေးချယ်ခံခွင့်ကို တားမြစ်ရန်၊ ရခိုင်ပြည်နယ်အတွင်းရှိ INGO များက ဘက်လိုက်မှုများရှိနေသဖြင့် ဒေသတွင်းမှ ထွက်ခွာပေးရန်၊ ရခိုင်ပြည်နယ်ရှိ လုံခြုံရေးရဲဝန်ထမ်းများကို ခေတ်မှီလက်နက်များ တပ်ဆင်ပေးရန်တို့ကို ရခိုင်ဒေသခံတို့က အစဉ်တစ်စိုက် တောင်းဆိုကြခဲ့ခြင်းဖြစ်သည်။

“ရည်ရွယ်ချက်ရှိရှိနဲ့ ဒီလိုကိစ္စတွေကို ကမ္ဘာကို မဟုတ်မမှန်သတင်းလွှင့်နေတယ်။ ဒီလိုပြသနာတွေ နောက်လည်း မလုပ်ဘူးလို့ မပြောနိုင်ဘူး။ ဒါကြောင့် ဥပဒေကို အကောင်အထည်ဖော်ပေးဖို့ အစိုးရကို တိုက်တွန်းတာပါ”ဟု ဖေဖော်ဝါရီ ၉ရက်တွင် မြောက်ဦးမြို့၌ ဦးဆောင်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သူ ကိုထွန်းစံက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီ ၃ ရက်နှင့် ၆ ရက်တို့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မောင်တောမြို့တို့တွင် ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ကြပြီး ရခိုင်ပြည်နယ်နယ် အားလုံးတွင် ဖွဲ့စည်းထားသော ရခိုင်လူမှုကွန်ရက် အဖွဲ့ဝင်များက ဦးဆောင်ကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၁ခုနှစ်က မသီတာထွေးသေဆုံမှုနှင့် ပတ်သက်ပြီး လူမျိုးစုနှစ်စု ပဋိပက္ခဖြစ်ပွားရာမှ စတင်ခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခသည် တည်ငြိမ်လျှက်ရှိသော်လည်း ဒူးချီးရားတန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော တပ်ကြပ်ကြီးပျောက်ဆုံးမှုနှင့် ကျေးရွာအတွင်းမှ ဘင်္ဂလီ လူမျိုးများ သတ်ဖြတ်ခံရသည်ဆိုသည့် သတင်းအပေါ်တွင် နိုင်ငံတကာသံရုံးများ၊ EU အဖွဲ့အစည်းများက ဝမ်းနည်းကြောင်းကြေညာချက်ထုတ် တောင်းဆိုထားသည်။

Mizzima 

No comments: