Tuesday, February 11, 2014
ပြည်သူမှအစိုးရထံသို့ သိလိုစေသည့်အချက်များကို လွတ်လပ်စွာထုတ်ဖော်နိုင်တင်ပြနိုင်ရန် အင်တာနက်စာမျက်နှာတစ်ခုအား ယခုနှစ်အတွင်း ပြည်တွင်းနည်းပညာသမားများ စုပေါင်းရေးဆွဲကြမည်ဟု သိရသည်။ ၎င်းဝက်ဘ်ဆိုက်တွင် မြို့နယ် ၊ ရပ်ကွက်များအတွင်းပြုပြင်ပေးစေလိုသည့် လမ်း၊တံတား
အခြေအနေများမှအစ ဓာတ်ပုံနှင့်တစ်ကွ တင်ပြနိုင်ရန်ဖြစ်ကြောင်း အဆိုပါဆုဒ်ကို ပါဝင်ရေးဆွဲမည့် နည်းပညာသမားတစ်ဦးက ဆိုသည်။
အဆိုပါ ဝက်ဘ်ဆိုက်မှာ အင်္ဂလန်နိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် fixmystreet ဆိုက်ကဲ့သို့ မှီငြမ်းထားခြင်းဖြစ်သည်။ fixmystreet ဝက်ဘ်ဆိုက်မှာ အင်္ဂလန်နိုင်ငံရှိ my society နည်းပညာ အဖွဲ့မှ ရေးဆွဲထားခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် အစိုးရထံသို့ သွားလာရေး ၊ သယ်ယူပို့ဆောင်ရေးအခက်အခဲများအား
အချိန်နှင့်တစ်ပြေးညီတင်ပြနိုင်သည့် ၀က်ဘ်ဆိုက်ဖြစ်သည်။
ယင်းအခြေအနေများကိုလည်း အစိုးရအနေဖြင့် သိရှိဆောင်ရွက်ပေးနိုင်ရန် နိုင်ငံရေးဆောင်ရွက်သူများနှင့်ပါ
ပူးပေါင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအနေနှင့်လည်း အထက်ပါကဲ့သို့ ဝက်ဘ်ဆိုဒ်တစ်ခု ထွက်ပေါ်လာစေရန် ၂၀၁၃ ခုနှစ်အတွင်းကပင် နည်းပညာသမားအများစု တိုင်ပင်ဆွေးနွေးထားခဲ့ကြပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသည့် ဘားကမ့်နည်းပညာဖလှယ်ပွဲတွင် ၎င်းအစီအစဉ်ကို အတည်ပြုအကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်းအတွက်ကိုမူ "Code for Myanmar " ဟူသည့်အမည်ဖြင့် သီးသန့်အဖွဲ့တစ်ခု ထပ်မံဖွဲ့စည်းမည်ဖြစ်ပြီး ၎င်းအဖွဲ့အတွင်း နည်းပညာသမားများသာမက အစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ၊ ပြည်သူနှင့် နိုင်ငံရေးအင်အားစုများ ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းရေး ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်သွားမည်ဟု "Code for Myanmar "
အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးသောင်းစုငြိမ်းက ပြောသည်။
အထူးသဖြင့် ဝက်ဘ်ဆိုက်ရေးဆွဲမှုပြီးဆုံးပါက ဝန်ကြီးဌာနများနှင့် တွေ့ဆုံမှုရယူမည်ဖြစ်ပြီး ၎င်းဆိုဒ်မှတက်လာသည့် ရီပို့စ်များအပေါ် သက်ဆိုင်ရာဌာနအလိုက် အရေးပေးဆောင်ရွက်ရန် ညှိုနှိုင်းပေးရသွားမည် ဖြစ်ကြောင်းသိရသည်။
"အစိုးရကို အရှက်ခွဲတာလို့မမြင်ပဲ အလိုက်တသိ သတင်းပို့နေတာလို့မြင်မယ်ဆို သူတို့အနေနဲ့ကွင်းဆင်းစရာတောင်မလိုတဲ့ အခြေအနေဖြစ်သွားမှာပါ " ဟု ဦးသောင်းစုငြိမ်းက ဆက်ပြောသည်။ "Code for Myanmar " အဖွဲ့အား နိုင်ငံလုံးဆိုင်ရာ လွတ်လပ်သည့် အဖွဲ့တစ်ခုကဲ့သို့ ဖွဲ့စည်းရန်ရည်ရွယ်ထားပြီး သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းအလိုက် အစိုးရအဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်မည်ဟု သိရသည်။ ထို့အပြင် နိုင်ငံတစ်ကာမှ နည်းပညာပိုင်းနှင့် ငွေကြေးပိုင်းဆိုင်ရာ
ပံ့ပိုးရန်အတွက် စတင်ကမ်းလှမ်းမှုများလည်း ရှိသည်ဟုသိရသည်။
Popular Myanmar News Journal
No comments:
Post a Comment