Sunday, February 16, 2014
တရုတ်နိုင်ငံသို့ ဓါတ်အားမဂ္ဂါဝပ် ၁၂၀၀ တင်ပို့မည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သံလွင်ရေကာတာ စီမံကိန်းကြောင့် ကျေးရွာပေါင်း၆၀ကျော်က မြေသိမ်းခံရမှုများ ရင်ဆိုင်းနေရသဖြင့် စီမံကိန်းရပ်ဆိုင်းရန် ဖေဖော်ဝါရီ ၁၃ရက်က ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က တောင်းဆိုလိုက်သည်။
အဆိုပါ ရေကာတာသည် သံလွင်မြစ်ပေါ်တွင် ပထမဦးဆုံး တည်ဆောက်မည့် ရေကာတာ ဖြစ်ပြီး ထိုစီမံကိန်းကြောင့် လမ်းများဖောက် လုပ်ခြင်းနှင့် အခြားဆောက်လုပ်ရေး ပစ္စည်းများ သယ်ဆောင်ခြင်းများ ပြုလုပ်စဉ်တွင် ယင်းစီမံကိန်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ် အပါအဝင် ရွာပေါင်း ၆၀ ကျော်တွင် နေထိုင်သူ ဒေသခံပြည်သူလူထုများက ၎င်းတို့ ၏ အိမ်ယာမြေ ဆုံးရှုံးကြရမှုများကို ကြုံတွေ့နေရသည်ဟု ယင်းအဖွဲ့မှထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်အရ ၎င်းစီမံကိန်း နေရာအတွင်းရှိ ကျေးရွာလူထုများက ရေကာတာ နှင့် ပတ်သက်သည့် ကောင်းကျိုးဆိုးကျိုးများ၊ သတင်းအချက်အလက်များ တစ်စုံတစ်ရာမျှမရရှိခဲ့ကြောင်း၊ အသက်မွေး ဝမ်းကျောင်းအတွက် သံလွင်မြစ်ကိုသာ မှီခိုအားထား နေရပြီး ထိုနေရာသည် ငလျင်ဖြစ် ပေါ်နိုင်သည့် နေရာဖြစ်သဖြင့် ငလျင်လှုပ်ခတ်ခြင်းများ ရှိလာလျှင် ရေကာတာမှ ပေါက်ထွက်ပျက်စီးမှု စသည့် အန္တရာယ်ကြုံတွေ့ လာနိုင်သည်ဟု The Shan Human Rights Foundation (SHRF)က ဆိုထားသည်။
အဆိုပါ အကြောင်းများကြောင့် ရေကာတာ တည်ဆောက်ရေးနှင့် အခြားသောဆောက်လုပ်ရေးဆိုင်ရာ လိုအပ်သည့် ပစ္စည်းများကို ဆောက်လုပ်ပြင်ဆင်ခြင်းများ အားလုံးရပ်ဆိုင်းရန် တိုက်တွန်း တောင်းဆိုလိုက်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
SHRF၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဝံသာနု ဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်းရွှေကြာက “ မြေနေရာတွေ သိမ်းဆည်းခံနေရတယ် ဆိုရင်တော့ ဒါကမဖြစ်သင့်ဘူး။ အသေးစိပ်ကိုတော့ သေချာ စုံစမ်း ရဦးမယ်။ စုံစမ်းပြီးလို့ လုံလောက်တဲ့ အထောက်အထားရရင် ပါတီဘက်က နိုင်ငံတော်အစိုးရကို တင်ပြတောင်းဆိုသွားမယ် ” ဟု မဇ္ဈိမကို ပြောသည်။
၎င်းစီမံကိန်းသည် မြန်မာအစိုးရနှင့် တရုတ်ကုမ္ပဏီဖြစ်သော ( Hanenergy Holding Group)တို့ ပူးပေါင်း တည်ဆောက်သည့် ဓါတ်အားထုတ်လွှတ်မည့် စီမံကိန်းကြီးတစ်ခုဖြစ်ပြီး ရေကာတာမှ ထုတ်လွှတ်မည့် လျှပ်စစ်ဓါတ်အားပမာဏ စုစုပေါင်း ၁၄၀၀ မဂ္ဂါဝပ်ဖြစ်ပြီး ထိုအထဲမှ ၁၂၀၀မဂ္ဂါဝပ်ကို တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ မည်ဖြစ်သည်။
အဆိုပါ စီမံကိန်းကို Asia World ကုမ္ပဏီမှ မီတာ ၁၀၀အမြင့်ရှိသည့် ရေကာတာကြီးကို ၂၀၁၈ခုနှစ်အတွင်း အပြီး ဆောက်လုပ်ရန် ရည်မှန်းထားပြီး ကုန်ကျငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁ဒသမ ၄ ဘီလီယံကုန်ကျမည့် စီမံကိန်းဖြစ်သည်။
Mizzima
No comments:
Post a Comment