Thursday, February 27, 2014
စစ်ကိုင်းတိုင်း ဒေသကြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ကျရောက်လျက် ရှိသော လယ်တီဆရာတော် ဘုရားကြီး သိမ်ကျောင်းဆောင် ရွှေ့ပြောင်းမည့် အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံး ဆိုင်ရာ အထက်မြန်မာပြည် သံဃသမဂ္ဂ အဖွဲ့ချုပ်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် သဘောထား ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။
အဆိုပါ လက်ပံတောင်း တောင်ပေါ်ရှိ လယ်တီဆရာတော် ဘုရားကြီး သမုတ်ထားခဲ့သော သာသနာတော်ကြီး၏ အသက်သွေးကြော ဖြစ်သည့် လယ်တီ သိမ်တော်မြတ်ကြီးကို ဖျက်ဆီးရာတွင် မြန်မာနိုင်ငံ အစိုးရ၏ ပြုပြင် ပြောင်းလဲရေး လမ်းစဉ်များကို ထိခိုက်စေနိုင်ခြင်း၊ တရုတ်-မြန်မာ အဓိကရုဏ်းကြီးများ ဖြစ်ပေါ် လာနိုင်သောကြောင့် ဝေဖန်ပိုင်းခြားပြီး ဖျက်သင့်၊ မဖျက်သင့်ကို စဉ်းစားနိုင်ရန် သတိပေးလိုက်ကြောင်း အဆိုပါ သံဃသမဂ္ဂ အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်များ အရ သိရသည်။
အဆိုပါ စီမံကိန်း ဧရိယာအတွင်း ကျရောက်နေသော စေတီတော်၊ သိမ်ကျောင်းဆောင်၊ ဂန္ဓကုဋိ ကျောင်းဆောင်၊ အုတ်တံတိုင်းနှင့် အဝင်မုခ်ဦးများကို ပြောင်းရွှေ့ရန် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဆားလင်းကြီးမြို့ ကံစွယ် ကျောင်းတိုက်တွင် ပြုလုပ်သော သြဝါဒ ခံယူပွဲတွင် ခွင့်ပြုခဲ့ပြီး ဖြစ်သည်။
“မြတ်စွာဘုရား ဟောတော်မူတဲ့ အတိုင်း ပါဠိတော်ပါ အဋ္ဌကထာဋီကာ များနဲ့ အညီ ရွှေ့ရင် စေတီလည်း ရွှေ့ကောင်းပါတယ်။ သိမ်လည်း ရွှေ့ကောင်းပါတယ်။ ဂန္ဓကုဋိလည်း ရွှေ့ကောင်းပါတယ်။ နောက် တံတိုင်းနဲ့ မုခ်ဦး လေးမျိုးစလုံး ရွှေ့ကောင်းပါတယ်” ဟု နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီးက မိန့်ဆိုထားသည်။
အဆိုပါ သာသနိက အဆောက်အအုံများအား မူလနေရာနှင့် ကိုက် ၁၅၀၀ ခန့်အကွာ ကျော်ရွာ၏ တောင်ဘက်ပေ ၃၀၀ ခန့်အကွာ ညောင်ပင်ကြီး- ယင်းမာပင်ကား လမ်းအနီး မြေဧက ၁ ဒသမ ၈၄ ဧက ကျယ်ဝန်းသည့် မြေနေရာသို့ ရွှေပြောင်း တည်ဆောက်မည် ဖြစ်ကာ တည်ဆောက်မည့် မြေနေရာအတွက် အခွန်လွတ် သာသနာ့မြေ ဂရန် ရရှိထားပြီး သိမ်ဆောက်လုပ်မည့် မြေဧရိယာ ၀ ဒသမ ၀၅ ဧကအတွက် ဝိသုံဂါမ သိမ်ဂရန် ရရှိပြီး ဖြစ်ကြောင်း အစီရင်ခံစာ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
The Voice Weekly
No comments:
Post a Comment