Friday, February 28, 2014
ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲအတွင်းရှိ ကျေးရွာများ၌ ဖေဖော်ဝါရီ တတိယပတ်မှစ၍ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) မှ ရိက္ခာအဖြစ် ဆန်နှင့် ဆားများအား ကောက်ခံခဲ့ပြီး ဆက်တိုက် ဆိုသလို ရွှေကူမြို့နယ်ခွဲအတွင်းရှိ ကျေးရွာများ၌ ဆက်ကြေးငွေနှင့် ရိက္ခာများ ကောက်ခံနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။
KIA မှ ဒေသခံတိုင်းရင်းသားများအား ဆက်ကြေးငွေများ ကောက်ခံနေသည့်အပြင် ယခုကဲ့သို့ ရိက္ခာများကိုပါ ထပ်မံကောက်ခံလာခြင်းကြောင့် မိသားစုစားဝတ်နေရေး အဆင်မပြေသော အိမ်ထောင်စုအချို့အတွက် အခက်အခဲ ဖြစ်နေရကြောင်း သိရသည်။
``လွယ်ဂျယ်က ညီမဖုန်းဆက်ပြောတုန်းက မယုံဘူး၊ အခု ကိုယ့်မြို့နယ်ထဲမှာ တကယ်ကောက်တော့မှ ယုံတော့တာ ´´ ဟု ရွှေကူမြို့ခံတစ်ဦးက ဆိုသည်။
ရွှေကူမြို့နယ်ခွဲအတွင်းရှိ စီသော်ကျေးရွာ၊ လိပ်စင်းကျေးရွာ၊ စီငန်းကျေးရွာများအား KIA မှ ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် တောင်းထားသော ရိက္ခာများ မဖြစ်မနေပေးသွင်းရန် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပြောဆိုထားကြောင်း သိရသည်။
`` တစ်အိမ်ကို ငွေ (၁)သောင်းနဲ့ ဆန်(၁)အိတ်၊ ဆား(၃)ပိဿာ ပေးရမယ်ဆိုပြီး တောင်းထားပါတယ်၊ လာမယ့် တစ်ပတ်အပြီး ပေးရမယ်လို့ပြောတယ်၊ ကချင်တပ်က တောင်းတာလို့တော့ သိရတယ်´´ ဟု စီသော် ရွာသားတစ်ဦးက ပြောသည်။
`` စီးပွားရေးချောင်လည်တဲ့ မိသားစုအတွက်တော့ ငွေ(၁)သောင်း၊ ဆန်(၁)အိတ်၊ ဆား(၃)ပိဿာ ဆိုတာ မပြောပလောက်ပေမယ့် စီးပွားရေးအဆင်မပြေတဲ့ မိသားစုတွေအတွက်ကျတော့ ခက်ခဲတာ အမှန်ပဲလေ၊ ဒီရွာ တွေမှာက KIA ကို ဆက်ကြေးတို့ ရိက္ခာတို့ ပေးရတာဟာ ထုံးစံလို ဖြစ်နေပါပြီ ´´ ဟု ရွှေကူမြို့ခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသွားသည်။
KIA မှ အဆိုပါ ကျေးရွာများအား တစ်ရွာလျှင် ဆန်အိတ်(၁၀၀)၊ ဆား(၃၀၀)ပိဿာနှင့် ဆက်ကြေးငွေသိန်း (၃၀)အား ကောက်ခံထားကြောင်း အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး၏ ပြောပြချက်အရ သိရှိရ ပါသည်။
credit : အယ်လ်နော်ဆိုင်း

No comments:
Post a Comment