Tuesday, March 04, 2014
ကမ္ဘာ့အဖွဲ့အစည်း များက အဂတိ လိုက်စားမှု အများဆုံး နိုင်ငံများထဲတွင် ပါဝင် နေသေးသည်ဟု ဝေဖန်ခံနေရသော မြန်မာနိုင်ငံတွင် ပထမဆုံး ဖွဲ့စည်းလိုက်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်းက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် အစိုးရ ဌာနဆိုင်ရာ များ၏ လာဘ်စားမှုများ ကိုလည်း ဘက်လိုက်မှုမရှိ ကိုင်တွယ်သွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားသည်။
မတ်လ ၃ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် အဖွဲ့ဝင်များ ကတိသစ္စာပြုပြီး နောက် ၎င်းက ယင်းသို့ ကတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဥပဒေ ပြဋ္ဌာန်းချက်တွေ အတိုင်း တိုင်ကြားမှုတွေ မကဘဲနဲ့ ကြားရတဲ့ သတင်းတွေကို စိစစ်ပြီး ကိုင်တွယ် ဆောင်ရွက်သွားမယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို နည်းဥပဒေ ရေးဆွဲပြီးမှသာ စတင် ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ကော်မရှင် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဦးစွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
အဆိုပါ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို လက်တွေ့ ကိုင်တွယ်ရာတွင် လက်ရှိအစိုးရ သက်တမ်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။
“အပြောနဲ့ မဟုတ်ဘဲနဲ့ တကယ် အလုပ် လုပ်နိုင်လား ဆိုတာကို ကြည့်ရမယ်၊ အဂတိ လိုက်စားမှုကို တကယ် ဘက်မလိုက်ဘူး ဆိုရင် တိုင်ကြားစာကို စောင့်စရာ မလိုဘူး။ ပတ်ဝန်းကျင်မှာ အများကြီး ရှိနေပါတယ်” ဟု ၎င်းကဆိုသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်း ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ယင်းဥပဒေပါ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် အဖွဲ့ဝင် အမည်စာရင်းကို၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ် အတွင်း ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် အဖွဲ့ဝင်များကို နိုင်ငံတော်သမ္မတမှ ငါးဦး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့မှ ငါးဦးစီဖြင့် စုစုပေါင်း ၁၅ ဦးကို ရွေးချယ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment