Wednesday, March 12, 2014

နယ်မြို့များတွင် တရားဥပဒေစိုးမိုးမှုသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် မေးခွန်းထုတ်စရာလား၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးနှင့် တရားရေးအာဏာပိုင်များကို ဆန္ဒပြခဲ့သည့် ခင်ဦးဒေသခံသုံးဦးအား ရွှေဘိုမြို့နယ်တရားရုံးက ထောင်ဒဏ်သုံးလမှ နှစ်နှစ်နှင့်သုံးလအထိ ချမှတ်

Wednesday, March 12, 2014

ခင်ဦးမြို့နယ် အုပ်ချုပ်ရေးအာဏာပိုင်များကို ဆန္ဒပြခဲ့သည့် ဒေသခံသုံးဦးအား ရွှေဘိုမြို့နယ် တရားရုံးက မတ် ၁၀ ရက်တွင် ထောင်ဒဏ်သုံးလမှ နှစ်နှစ်နှင့်သုံးလအထိ ကျခံစေရန် စီရင်ချက်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဦးညွန့်ဆွေအား ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်နှစ်နှစ်၊ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ၊ ဒေါ်စိန်မြင့်နှင့် ဦးထွန်းလင်းတို့အား ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ အသီးသီးချမှတ်ခဲ့ပြီး တရားစီရင်မှုအပေါ် ဝေဖန်မှုများ ရှိနေခဲ့သည်။
"ဦးညွန့်ဆွေကို အငြင်းပွားဖွယ်အနေအထားနဲ့ ပုဒ်မ ၅၀၅ (ခ) တပ်ပြီး တရားစွဲခဲ့တယ်။ ရုံးစစ်ချက်တွေအရလည်း တိုင်တန်းတဲ့ လက်မှတ်တွေဟာ လွဲချော်မှုရှိခဲ့တယ်"ဟု တရားခွင်တွင် လိုက်ပါဆောင်ရွက်ခဲ့သူ တစ်ဦးက ပြောကြားသည်။

ပုဒ်မ ၅၀၅ (ခ) အရ အမြင့်ဆုံးထောင်ဒဏ်မှာ နှစ်နှစ်ဖြစ်ပြီး အငြင်းပွားဖွယ်အနေအထားတွင် ယခုကဲ့သို့ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခြင်းကြောင့် တရားစီရင်ရေးမှာ သံသယဖြစ်ဖွယ် အနေအထား၌ရှိနေကြောင်း ရှေ့နေတစ်ဦးက သုံးသပ်သည်။

"ဦးညွန့်ဆွေကို နယ်မြေတည်ငြိမ်မှု ပျက်ပြားအောင်လုပ်တယ်။ လက်မှတ်တုလုပ်တယ်ဆိုပြီး မြို့နယ်မှူးက တိုင်တန်းတယ်။ တကယ်တမ်းမှာ တိုင်တန်းတဲ့ လက်မှတ်တွေက အတုတွေလို့ ပြောလို့ရတယ်" ဟု ခင်ဦး ၈၈ ကွန်ရက် အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မြေယာပြဿနာများ၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မမျှတမှုများကြောင့် ခင်ဦးမြို့တွင် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ပထမအကြိမ် ဆန္ဒပြမှုတွင်လည်း ဒေသခံငါးဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

"ပွင့်လင်းမြင်သာမှုပေါ့ဗျာ။ ပွင့်ပွင့်လင်းလင်းကို မတော်မတရားတွေ လုပ်ကြတော့တာပဲ"ဟု ခင်ဦးဒေသခံ ဦးအောင်ကဆိုသည်။

"ကျွန်မအနေနဲ့ ပြစ်ဒဏ်နှစ်ခုကို တစ်ပေါင်းတည်းကျခံရစေဖို့ တင်ပြခဲ့တယ်။ ဒါပေမဲ့ မရခဲ့ဘူး။ ဒီပြစ်ဒဏ်ချမှတ်မှုကို ခရိုင်ရုံးမှာ အယူခံဝင်သွားမှာပါ" ဟု တရားခံရှေ့နေ ဒေါ်ဝင်းနန္ဒာက ပြောကြားသည်။

ရွှေဘိုမြို့နယ် တရားရုံး၏ စီရင်ချက်ချမှတ်မှုများတွင် အထက်မှ ကြိုးကိုင်မှုများရှိနေကြောင်း သိရပြီး ဆန္ဒပြမှုများဖြစ်ပွားစေခဲ့သော ပြဿနာများကို လက်ရှိအချိန်အထိ ဖြေရှင်းပေးခြင်း မရှိသေးကြောင်း ခင်ဦးဒေသခံများက ပြောကြားသည်။

Eleven Media Group

No comments: