Tuesday, March 04, 2014
အိမ်နီးချင်းနိုင်ငံ ယူကရိန်းအရေးတွင် ရုရှက စစ်အင်အား အသုံးပြုခြင်းကို ထောက်ခံသူများ ထောင်နှင့်ချီ ကာ တနင်္ဂနွေန့က ရုရှနိုင်ငံ၊ မော်စကိုတွင် လွတ်လွတ်လပ်လပ် ဆန္ဒပြနိုင်ခဲ့ကြသော်လည်း၊ ထိုအနီးအနား တစ်ဝိုက်တွင်ပင် ပြုလုပ်ခဲ့သည့် ကျူးကျော်မှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင်မူ လူဒါဇင်ပေါင်းများစွာ ဖမ်းဆီးထိန်း သိမ်းခြင်းခံခဲ့ရကြောင်း မတ်လ ၃ ရက်က အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကျူးကျော်မှု ထောက်ခံရေးဆန္ဒပြသူ အနည်းဆုံး ၁၀,၀၀၀ ခန့် မော်စကိုမြို့လယ်တွင် စုဝေးခဲ့ကြကာ၊ ရုရှ အလံများ ကိုင်ဆောင်ဝှေ့ယမ်း၍ ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူအချို့မှာ ဆိုဗီယက် စစ်ယူနီဖောင်းများ ၀တ် ဆင်ထားကြပြီး “ဖက်ဆစ်ဝါဒ အောင်မြင်မှာမဟုတ်”၊ “နာဇီဝါဒ အလိုမရှိ” စသော ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းတွင် ဟစ်တလာ၏ တပ်များကို ယူကရိန်းမှ တွန်းလှန် မောင်းထုတ်နိုင်ခဲ့ခြင်းနှင့် ခိုင်းနှိုင်းကာ ကြွေးကြော်ကြခြင်း ဖြစ်သည်။
ရုရှနိုင်ငံတော်ပိုင် ရုပ်မြင်သံကြား သတင်းဌာနကလည်း ကျူးကျော်မှု ထောက်ခံရေး သဘောထားကို စနေ၊ တနင်္ဂနွေနေ့များတွင် အရှိန်မြှင့် ထုတ်လွှင့်ပေးခဲ့ကာ၊ ယူကရိန်းနယ်စပ် တစ်လျှောက်မှ တဖွဲဖွဲဝင်လာသော၊ ဒုက္ခသည်များဖြင့် ပြည့်ကျပ်နေသော ဘတ်စ်ကားများ၏ ရုပ်ပုံကို ထုတ်လွှင့်ပြသခဲ့ပြီး၊ ထိုဒုက္ခသည်များ သည် “ဖက်ဆစ်ဝါဒီ” များထံမှ ထွက်ပြေးလာခဲ့ကြခြင်း ဖြစ်ကြောင်းလည်း ယူကရိန်းအစိုးရသစ်ကို ရည် ညွှန်းဝေဖန်ခဲ့သည်။ ယူကရိန်းနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ လပေါင်းများစွာ ဖြစ်ပွားခဲ့ပြီး နောက်၊ ရုရှဘက်သို့ မူဝါဒယိမ်းသော ယူကရိန်းသမ်္မတ ဗစ်တာယာနူကိုဗစ်ခ်ျသည် လွန်ခဲ့သောအပတ်က နိုင်ငံကို စွန့် ခွာထွက်ပြေးသွားခဲ့ရကာ ယူကရိန်းတွင် အစိုးရသစ် အာဏာရလာခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ရင်ပြင်နီအနီးတွင် ပြုလုပ်ခဲ့သည့် ကျူးကျော်မှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွင်မူ၊ ဆန္ဒပြသူ ဒါဇင်ပေါင်း များစွာအား ရဲများက မဆိုင်းမတွ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ လူ ၅၀ ကျော် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရ သည်။ ရဲကား အနည်းဆုံး ငါးစီးခန့်က ဆန္ဒပြသူ ၁၅ ယောက်နှင့် အယောက် ၂၀ အကြား တင်ဆောင်ကာ ရင်ပြင်နီမှ ထွက်ခွာသွားခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။
စနေနေ့ နှောင်းပိုင်းတွင်၊ ရုရှ လွှတ်တော်က ရုရှသမ္မတ ဗလာဒီမာပူတင်အား ယူကရိန်းတွင် စစ်အင်အား အသုံးပြုခွင့်ပေးလိုက်ချိန်မှစ၍၊ ရုရှားသမ္မတသည် အနောက်နိုင်ငံများ၏ တောင်းဆိုချက်ဖြစ်သော၊ ရုရှ တပ်များ ပြန်ဆုတ်ခွာပေးရေး အဆိုကို ဖီဆန်လျက်ရှိသည်။ မဟာဗျူဟာ ကျသော ပင်လယ်နက်အတွင်းရှိ ခရိုင်းမီးယားဒေသနှင့် ယူကရိန်းနိုင်ငံအတွင်း အခြားမည်သည့်ဒေသတွင်မဆို ရှိနေကြသည့် ရုရှဘာသာ စကား ပြောသူများ၏ အကျိုးစီးပွားနှင့် ရုရှနိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်ပိုင်ခွင့် ရုရှတွင်ရှိသည်ဟု ရုရှသမ္မတက အခိုင်အမာ ပြောခဲ့သည်။
Mizzima
No comments:
Post a Comment