Friday, March 28, 2014

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံမဲ ၉၂ ရာခိုင်နှုန်းကျော် အတည်ပြုခဲ့ခြင်းဖြစ်၍ ပြင်ဆင်ရန် လိုအပ်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဟု ကာကွယ်ရေးဦးစီးချုပ် ပြောကြား

Friday, March 28, 2014
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေအနေ အချိန်အခါအရ ပြင်ဆင်ရန် လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းတွင် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဟု ၂၀၁၄ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်သည့် ၆၉ နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိသည်ဟု နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရာတွင် အမျိုးသား ညီလာခံကချမှတ်ခဲ့သည့် အခြေခံမူ ၁၀၄ ချက်ပေါ် အခြေခံရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း နှင့် ၂၀၀၈ ခုနှစ် လူဦးရေ ၅၇ သန်းကျော်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၂၇ သန်းကျော် အနက် မဲပေးသူ ၂၆ သန်းကျော်ထဲက ၂၄ သန်းကျော် ထောက်ခံဆန္ဒမဲပေးခဲ့သောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံအတည်ပြုခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဖွဲ့စည်းပုံက လူပုဂ္ဂိုလ် တစ်ဦးချင်း၊ ပါတီတစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ တိုင်းရင်းသား လူမျိုးစုတစ်ခု၊ တပ်မတော်အတွက် ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်း မဟုတ်ပါဘူး။ ဒါ့အပြင် အချုပ်အခြာအာဏာ ခက်မသုံးဖြာကို နည်းလမ်းတကျ ပိုင်းခြားသုံးစွဲခြင်းနဲ့ အပြန်အလှန် ထိန်းကျောင်းခြင်းကို အဟန့်အတားဖြစ်မယ့် ကိစ္စတွေ၊ အခြေအနေ အချိန်အခါအရ အခြေခံလိုအပ်ချက်တွေနဲ့ သဟဇာတ မဖြစ်တာတွေရှိ လာခဲ့လို့ ပြင်ဆင်ဖို့လိုအပ်ရင်လည်း အခန်း ၁၂ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ အဓိက လိုအပ်ချက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၉(က)နဲ့အညီ တိုင်းဒေသကြီး နဲ့ပြည်နယ်တွေအတွက် ခွဲဝေပေးထားတဲ့ ဥပဒေပြုစာရင်းနဲ့ အခွင့်အရေးတွေကို ညီညွတ်မျှတအောင် ဆောင်ရွက်ပေးနိုင်ရေးပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

“တပ်မတော်ကို သန္ဓေတည်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ဟာ တပ်မတော်ဖွဲ့ပြီး ဂျပန်တွေနဲ့အတူ နယ်ချဲ့ကို တိုက်ထုတ်ခဲ့ပါတယ်။ အဲဒီလိုတိုက် ထုတ်ခဲ့ပေမယ့်လည်း ဖက်ဆစ်လက်အောက်ကနေ ပြည်သူလူထုကို ကယ်တင်ဖို့အတွက် မတ်လ ၂၇ ရက်မှာ သမိုင်းဝင် ဖက်ဆစ်တော်လှန်ရေးကြီးကို ပြည်သူလူထုနဲ့အတူ လက်တွဲဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က တပ်မတော်ထဲမှာ တိုင်းပြည်ချစ်စိတ်ရှိတဲ့ တိုင်းရင်းသား လူငယ်ပေါင်းစုံ ပါဝင်တိုက်ခိုက် ခဲ့ကြတာဖြစ်တယ်။ ဒါကြောင့် တပ်မတော်ဟာ မျိုးချစ်စိတ်အပေါ် အခြေခံပြီး လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနဲ့အတူ ပြည်သူကြားက ပေါက်ဖွားလာတဲ့ ပြည်ထောင်စု တပ်မတော်ဖြစ်တယ်ဆိုတာ အခိုင်အမာပြောကြား လိုပါတယ်” ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် လက်ရှိနိုင်ငံရေး အရွေ့ကို ရှုမြင်နေကြရခြင်းပဲ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်သည် ကျယ်ပြန့်နက်ရှိုင်းကြောင်း၊ အခြေခံဥပဒေ အခန်း (၁၂)တွင် ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြင်ဆင်မှုဆောင်ရွက်နိုင်ရေး အလေးထား လိုက်နာကြရမည် ဖြစ်သည်ဟု မတ် ၂၆ ရက်က ပြည်ထောင်စု လွှတ်တော်၌ သမ္မတတာဝန် ထမ်းဆောင်မှု သက်တမ်းသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိန့်ခွန်းပြောကြားရာတွင် သမ္မတဦးသိန်းစိန်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့နှင့် မကိုက်ညီသည့်အပြင် ဖိနှိပ်ချုပ်ချယ်မှုများ ရှိနေသည့် ဥပဒေများ၊ တရားမျှတခြင်း မရှိသော ဥပဒေများ ပါဝင်နေသောကြောင့် ပြင်ဆင်ပေးရန် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ပြည်သူများမှ တောင်းဆိုမှုများ ရှိနေပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးရေးအတွက် တောင်းဆို ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက်ပြုလုပ် လျက်ရှိသည်။

ထို့ပြင် တပ်မတော်အား သန္ဓေတည်ပေးခဲ့သည့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူနှင့် တပ်မတော်အကြား အဆင်ပြေစေရန် အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေက မတရားပေးထားသည့် အခွင့်အရေးများကို လက်လွှတ်စေချင်သည်ဟုလည်း တပ်မတော်ခေါင်းဆောင်များနှင့် တပ်မတော်သားများအား တိုက်တွန်း ပြောကြားထားသည်။

“တပ်မတော်နဲ့ ပြည်သူကြားမှာ တန်းတူညီမျှမှုမရှိဘဲနဲ့ ဘယ်တော့မှ စည်းလုံးညီညွတ်မှု မရနိုင်ဘူး။ ဒီကိစ္စတပ်မတော် ခေါင်းဆောင်များနဲ့ တပ်မတော်သားများ အားလုံး နားလည်စေချင်တယ်။ ကျွန်မတို့က တပ်မတော်နဲ့ ပြည်သူကြားမှာ အဆင်ပြေစေချင်လို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက မတရားပေးထားတဲ့ အခွင့်အရေးတွေကို လက်လွှတ်စေချင်တာပါလို့ ကျွန်မသေသေချာချာ ပြောချင်ပါတယ်။ ဖေဖေပြောတဲ့ စကားအတိုင်းဆိုရင် နိုင်ငံဟာ တပ်မတော်ရဲ့ အစေခံ မဖြစ်ရဘူး။ တပ်မတော်ဟာ နိုင်ငံရဲ့ အခြေခံ ဖြစ်ရမယ်ဆိုတဲ့ သဘောပေါ့။ အဲဒီလိုဖြစ်မယ်ဆိုရင် ကျွန်မတို့နိုင်ငံ အတွက်လည်း အင်မတန်မှ ကောင်းမယ်။ ကျွန်မတို့ တပ်မတော်အတွက်လည်း အင်မတန်မှကောင်းမယ်။ အားလုံးက ဒါငါတို့ တပ်မတော်ဆိုပြီး ဂုဏ်ယူနိုင်မယ် ချစ်ကြည်မယ် လေးစားမယ် အပြန်အလှန် တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ချင်တဲ့ စိတ်တွေကြီးထွားလာမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၁၈ ရက်က ကရင်ပြည်နယ် ဘားအံမြို့၌ ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် လိုအပ်နေသည့် အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တရားဥပဒေစိုးမိုးရေး စသည်တို့တွင် များစွာတိုးတက် လာနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း (၁၂)ပါ ပုဒ်မ(၄၃၆-က) ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ ပုဒ်မ (၄၃၆-ခ)တွင်မူ ပုဒ်မခွဲ(က)တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပါရှိသည်။

လက်ရှိအခြေအနေတွင် တပ်မတော်သား ကိုယ်စားလှယ်များ မထောက်ခံဘဲနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မရသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံမှသာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရမည်ဟူသည့် အချက်များ ပါဝင်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂)ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းမှ ပုဒ်မ ၄၃၆ ကို ပြုပြင်ပြောင်းလဲနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည်။

eleven

No comments: