Thursday, March 13, 2014

အမေရိကန်ဒေါ်လာ သုံးသန်းကုန်ကျမည့် ကူးတို့ဆိပ်ခံတံတား ဒလတွင် တည်ဆောက်မည်

Thursday, March 13, 2014

ဒလ သင်္ဘောဆိပ်ကမ်းတွင် ခရီးသည် အတက်အဆင်းအတွက် ဆိပ်ခံတံတား တစ်စင်းသာ ရှိသည့်အတွက် ခရီးသည်များ ပိုမိုချောမွေ့စွာ သွားနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ သုံးသန်း ကုန်ကျမည့် ကူးတို့ ဆိပ်ခံတံတားတစ်ခုကို တည်ဆောက်မည် ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် မတ်လ ၁၂ ရက်နေ့က ဒလ-ကူးတို့ ဆိပ်ခံတံတား ပြန်လည် တည်ဆောက်ရေး ရှေ့ပြေး စီမံကိန်း စတင်သည့် အခမ်းအနား၌ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မြန်မာမှ ဌာနေ ကိုယ်စားလှယ် မစ္စတာမာဆာဟီကို တာနာကာက ပြောကြားသည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပြီး နောက်ပိုင်းတွင် ပျက်စီးသွားသော ဆိပ်ခံတံတားများကို ဂျပန်အစိုးရ အနေနှင့် ပြန်လည် ပြုပြင်ပေးရန် ရည်ရွယ်၍ ယင်းကဲ့သို့ တည်ဆောက်ပေးရခြင်း ၎င်းက ပြောကြားသည်။
တစ်ရက်လျှင် လူဦးရေ သုံးသောင်းခန့်ရှိသော ဒလ - ရန်ကုန် အသွားအပြန် ဖြတ်ကူး လုပ်ကိုင်နေသူများသည် ဆိပ်ခံတံတား တစ်ခုတည်းကိုသာ အသွားအလာအတွက် အသုံးပြုနေရသဖြင့် ဒလမြို့နယ်တွင် ကူးတို့ ဆိပ်ခံတံတား တည်ဆောက်ရန် ရည်ရွယ်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

ဒလ သင်္ဘောဆိပ်ကမ်းတွင် ခရီးသည် အတက်အဆင်းအတွက် တံတားတစ်စင်းသာ ရှိသဖြင့် ခရီးသည်များ ပိုမို ချောမွေ့စွာ သွားနိုင်ရန် ဆိပ်ခံတံတားအသစ်၊ ဗောတံတားအသစ်နှင့် ခရီးသည် နားနေဆောင် အသစ်တို့ကို တည်ဆောက်သွားမည် ဖြစ်ကြောင်း ဒလ- ပန်းဆိုးတန်း လူစီးကူးတို့ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးမှ ရေကြောင်းဌာနမှူးချုပ် ဦးဝင်းသိန်းက ပြောကြားသည်။

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) အနေနှင့် Greater Yangon Transportation Master Plan စီမံကိန်းတွင် ကုန်းလမ်း၊ ရထားလမ်း၊ ရေကြောင်းတို့အတွက် Master Plan ရေးဆွဲနေကြောင်း မစ္စတာ မာဆာဟီကိုတာနာကာက ပြောကြားသည်။

ဒလ-ပန်းဆိုးတန်း ဆိပ်ကမ်းတွင် နေ့စဉ် နံနက် ၅ နာရီမှ ည ၉ နာရီ ၃၀ မိနစ်ထိ မိနစ် ၂၀ လျှင်တစ်ခေါက် လူစီးကူးတို့ နှစ်စင်းက တစ်ပြိုင်နက် ပြေးဆွဲပေးလျက်ရှိပြီး တစ်ရက်လျှင် ခရီးသည်ဦးရေ သုံးသောင်းခန့် လူစီးကူးတို့ကို စီးနင်းလျက် ရှိကြောင်း ပြည်တွင်းရေကြောင်း လက်မှတ် အရောင်းဌာနက သိရသည်။

ပြည်တွင်း ခရီးသွားများကို ၂၀၁၃ ဧပြီလ ၂၈ ရက်ခန့်ကစ၍ ပန်းဆိုးတန်း-ဒလ ကူးတို့လမ်းတွင် ခရီးသည် တစ်ဦးလျှင် ၅၀ ကျပ်မှ ၁၀၀ ကျပ်နှုန်းသို့ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး မြစ်ဝကျွန်းပေါ် ဌာနခွဲက တိုးမြှင့် ပြောင်းလဲ ကောက်ခံခဲ့သည်။

The Voice Weekly

No comments: