Thursday, March 13, 2014

MNL ပွဲစဉ် ၂၈နှင့် ပွဲစဉ် ၃၃ ဖြစ်ရပ်များနှင့် စပ်လျဉ်း၍ အိမ်ရှင် ရတနာပုံ အက်ဖ်စီ အသင်းအား ဒဏ်ကြေးငွေ ကျပ် တစ်ဆယ့်ငါးသိန်း ပေးဆောင်ရန် စည်းကမ်း ထိန်းသိမ်းရေး ဆုံးဖြတ်

Thursday, March 13, 2014

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF)မှ ကြီးမှူး ကျင်းပလျက် ရှိသည့် MNL Myanmar 2014 (MNL-1) ဘောလုံးပြိုင်ပွဲ ပထမ အကျော့ ပွဲစဉ် (၂၈)နှင့် ပွဲစဉ်(၃၃) တို့တွင် ရတနာပုံ အက်ဖ်စီ အိမ်ကွင်း (ဗထူးကွင်း)တွင် ဖြစ်ပွားခဲ့သည့် မလိုလားအပ်သော ဖြစ်ရပ်များနှင့် စပ်လျဉ်း၍ MFF စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ မတ်လ (၁၂)ရက်နေ့ နေ့စွဲဖြင့် ဆုံးဖြတ်ချက် ထုတ်ပြန် ခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက် အပြည့်အစုံအား အောက်ပါအတိုင်း ဖြစ်သည်-

၁။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပလျက် ရှိသည့် MNL Myanmar 2014 (MNL-1) ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၂၈) အဖြစ် (၂-၃-၂၀၁၄) ရက်နေ့ မန္တလေးမြို့၊ ဗထူး အားကစား ကွင်းတွင် ရတနာပုံ အက်ဖ်စီ အသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်နှင့် ပွဲစဉ် (၃၃) အဖြစ် (၈-၃-၂၀၁၄) ရက်နေ့ ရတနာပုံ အက်ဖ်စီ အသင်းနှင့် မကွေး အက်ဖ်စီ အသင်းတို့ ကစားသည့် ပွဲစဉ်များတွင် ရတနာပုံ အသင်းမှ ပွဲကြည့် ပရိသတ် အချို့သည် ကွင်းအတွင်းသို့ အရာဝတ္တုများ၊ ခဲများ၊ ရေသန့်ဗူးများ၊ ဖိနပ်များ၊ အရက်ပုလင်း များဖြင့် ပစ်ပေါက်ခဲ့သဖြင့် အရေးယူ ပေးပါရန် MNL ပြိုင်ပွဲ ကျင်းပရေးမှ တင်ပြလာပါသည်။
၂။ အထက်ပါ ကိစ္စနှင့် ပတ်သတ်၍ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ (၁၂-၃-၂၀၁၄) ရက်နေ့ (၁၃း၀၀) နာရီ အချိန်တွင် အစည်းအဝေး ပြုလုပ်၍ အစီရင်ခံစာ များကို ဖတ်ရှု လေ့လာခြင်း၊ တာဝန်ရှိသူ များကို ခေါ်ယူမေးမြန်းပြီး မှတ်တမ်းတင် ဗီဒီယိုများ ကြည့်ရှု လေ့လာခဲ့ရာတွင် ပွဲကြည့်ပရိသတ် များအနက် ဆူပူ ရမ်းကားသူ လူနည်းစု အချို့မှ ပြိုင်ပွဲ ကစားကွင်း အတွင်းသို့ အထူးသဖြင့် ပြိုင်ဘက် အသင်း ဂိုးသမားနှင့် ဘောလုံး သမားများကို စိတ် အနှောက် အယှက် ဖြစ်စေရန် ရည်ရွယ်၍ အရာဝတ္ထု များဖြင့် ပစ်ပေါက် သည်ကို တွေ့ရှိ ရပါသည်။

၃။ ပွဲစဉ် (၂၈) အဖြစ် (၂-၃-၂၀၁၄) ရက်နေ့တွင် ယှဉ်ပြိုင် ကစားသည့် ရန်ကုန် ယူနိုက်တက် အသင်းနှင့် ပွဲတွင် ကွင်းအတွင်းသို့ ရေသန့်ဗူးများ၊ ခဲများ၊ ဖိနပ်နှင့် ကွမ်းတံတွေး ထုပ်များဖြင့် ပစ်ပေါက် ခဲ့ပါသည်။

၎။ ပွဲစဉ် (၃၃) အဖြစ် (၈-၃-၂၀၁၄) ရက်နေ့တွင် ယှဉ်ပြိုင် ကစားသည့် မကွေး အက်ဖ်စီနှင့် ပွဲစဉ် ပွဲကစားချိန် (၆၀)မိနစ်တွင် ကွင်းအတွင်းသို့ ရေသန့်ဗူးများ၊ ခဲများ၊ ဖိနပ်များ၊ အရက်ပုလင်း များဖြင့် ပစ်ပေါက်ခဲ့သဖြင့် ပြိုင်ပွဲအား (၅)မိနစ်ခန့် ရပ်နားခဲ့ရ ပါသည်။

၅။ အထက်ပါ ဖြစ်စဉ်များ အတွက် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ အောက်ပါအတိုင်း အရေးယူရန် ဆုံးဖြတ်ပါသည်။
(က) ဖြစ်စဉ် (၂)ရပ်စလုံး အတွက် စည်းကမ်း ထိန်းသိမ်းရေးမူ အပိုဒ် (၁၃)အရ အိမ်ရှင် ရတနာပုံ အက်ဖ်စီ အသင်းအား ဒဏ်ကြေးငွေ ကျပ် တစ်ဆယ့်ငါးသိန်း (၁၅၀၀၀၀၀ိ/-) ပေးဆောင်ရန်။
(ခ) နောက်နောင် ဘောလုံးပွဲကို အစစ်အမှန် အားပေးကြသော ပရိသတ်များ ထဲမှ ဆူပူရမ်းကား လိုသည့် လူနည်းစု အချို့က ကစားသမား များကို စိတ် အနှောက်အယှက် ဖြစ်စေရုံ သာမက အရာဝတ္ထု များဖြင့် ပစ်ပေါက်၍ ကိုယ်ထိ လက်ရောက် ကျူးလွန်ခြင်းများ မပြုလုပ်ရန် သက်ဆိုင်ရာ အိမ်ရှင် ရတနာပုံ အက်ဖ်စီ အသင်း တာဝန်ရှိသူ များက အထူး ထိန်းသိမ်းကာကွယ် စောင့်ရှောက် သွားကြပါရန် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ အထူး မေတ္တာရပ်ခံ ပါသည်။

Popular Myanmar News Journal

No comments: