Monday, March 10, 2014

မြန်မာနိုင်ငံမှ ကလေးများကိုကူညီရန် ကိုရီးယား အနုပညာရှင်များ ရန်ပုံငွေလေလံပွဲ ကျင်းပ

Monday, March 10, 2014

မြန်မာနိုင်ငံက ကလေးငယ်တွေကို ကူညီထောက်ပံ့ဖို့အတွက် ကိုရီးယား အနုပညာရှင်တွေ စုပေါင်းပြီး ရန်ပုံငွေ လေလံပွဲတစ်ရပ် ကျင်းပခဲ့တယ်လို့ allkpop.com မှာ ဖော်ပြထားပါတယ်။

အဲဒီရန်ပုံငွေ လေလံပွဲကို MBC ရုပ်သံလိုင်းက တာဝန်ယူ ကျင်းပတာဖြစ်ပြီး နာမည်ကျော် ကိုရီးယား အနုပညာရှင်တွေရဲ့ ဦးထုပ်၊ လက်ကောက်၊ အင်္ကျီ အစရှိတဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းတွေကို Facebook ကနေတစ်ဆင့် လေလံတင် ရောင်းချခဲ့တာ ဖြစ်ပါတယ်။ Star Hope Aution လို့အမည်ရတဲ့ အဲဒီလေလံပွဲမှာ Kpop တေးဂီတအဖွဲ့တွေ ဖြစ်ကြတဲ့ B.A.P, BTOB, SISTAR, Girl's Day, A Pink, Crayon Pop, Shinhwa တို့နဲ့ နာမည်ကျော် ကိုရီးယား သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ လီဒါဟေး၊ ယိုဂျင်ဂူး၊ ပက်ခ်ဆိုဂျန်းနဲ့ ဂျီချန်ဝုဒ်တို့က ၎င်းတို့ရဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းတွေကို ဝင်ရောက် လေလံတင် ရောင်းချခဲ့ကြပါတယ်။
မတ်လ၊ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အဲဒီလေလံပွဲမှာ Crayon Pop အဖွဲ့ရဲ့ လုပ်ငန်းခွင်သုံး လုံခြုံရေးဦးထုပ်က ကိုရီးယားဝမ် ၁,၀၀၀,၀၀၀ အထိ ဈေးရခဲ့ပြီး လေလံဈေး အများဆုံးရတဲ့ ပစ္စည်းအဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။ Crayon Pop အဖွဲ့ဟာ သူတို့ရဲ့ ဖျော်ဖြေပွဲတွေတိုင်းမှာ လုပ်ငန်းခွင်သုံး လုံခြုံရေး ဦးထုပ်တွေ ဆောင်းပြီး ဖျော်ဖြေလေ့ ရှိတာကြောင့် သူတို့အဖွဲ့ရဲ့ အမှတ်အသားလို ဖြစ်နေတဲ့ လုံခြုံရေး ဦးထုပ်ကို အခုလို လေလံတင် ရောင်းချခဲ့တာ ဖြစ်ပါတယ်။

Crayon Pop အဖွဲ့ရဲ့ လုံခြုံရေး ဦးထုပ်နောက်မှာတော့ A Pink အဖွဲ့က ချိုရောင်းရဲ့လက်ကောက်က ကိုရီးယားဝမ် ၅၅၅,၀၀၀ နဲ့ ဒုတိယ၊ Girl's Day အဖွဲ့က မီနရဲ့ ဦးထုပ်က ကိုရီးယားဝမ် ၅၀၀,၀၀၀ နဲ့ တတိယ၊ Shinhw အဖွဲ့က မင်ဝူးရဲ့ ခေါင်းစွပ်အင်္ကျီက ကိုရီးယားဝမ် ၂၇၀,၀၀၀ နဲ့စတုတ္ထ လေလံဈေး အများဆုံးရတဲ့ ပစ္စည်းတွေအဖြစ် အသီးသီး ရပ်တည်နိုင်ခဲ့ကြတာကို တွေ့ရပါတယ်။ Star Hope Aution ရန်ပုံငွေ လေလံပွဲကနေ ရလာသမျှ ပိုက်ဆံတွေအားလုံးကို မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ပညာရေးကို ကူညီထောက်ပံ့ဖို့အတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

The Voice Weekly

No comments: