Monday, March 10, 2014

ပေါက်ခေါင်းရှိ ကပစ (၁၉) နယ်နိမိတ်တွင် မပါသည့် တပ်သိမ်းမြေများ ပြန်ပေးမည်

Monday, March 10, 2014

ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်အတွင်း စစ်တပ်မှ ပိုသိမ်းယူထားသည့် လယ်ယာမြေဧက ၉ဝဝ ကျော် ထဲမှ တပ်နယ်နိမိတ်အတွင်း မပါဝင်သည့် မြေများကို မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်မည်ဟု ပေါက်ခေါင်းမြို့နယ် မြေစာရင်း ဦးစီးဌာနမှ ကွင်းစာရေး ဦးစိုးမင်းနောင် က ပြောသည်။

၁၉၉၇ ခုနှစ်တွင် စစ်လက်နက်ပစ္စည်းစက်ရုံ လုံခြုံရေး အကြောင်းပြကာ ကပစ(၁၉) က ပေါက်ခေါင်းမြို့နယ် အရာတော်ကျေးရွာ အုပ်စု သရက်တစ်ပင်ကျေးရွာအနီး ကွင်းအမှတ်(၅၂) အတွင်းရှိ တောင်သူု ၆၈ ဦး ပိုင်ဆိုင်သည့် လယ်ယာမြေ ၉၃၄ ဧက ကို သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အထဲမှ တပ်နယ်နိမိတ်အတွင်း မပါဝင်သည့် မြေများ မူလပိုင်ရှင်ထံပြန်လည် ပေးအပ်သွားမည်ဟု ဆိုသည်။
“ကွင်းဆင်းလို့ မပြီးသေးပါဘူး။ အဂါင်္နေ့ (မတ်လ ၁၁ ရက်) ကွင်းထပ်ဆင်းမယ်။ ခုမှ နယ်နိမိတ် ပြန်ရှာတာ။ ပါတယ်မပါဘူးဆိုတာ နယ်နိမိတ်ပြန်ပြီးတော့ သတ်မှတ်ပြီးတော့ လုပ်ပေးမှာပါ”ဟု ဦးစိုးမင်းနောင် က ပြောသည်။

နယ်နိမိတ်များ သတ်မှတ်ရန်အတွက် ကပစ (၁၉)၊ သစ်တော၊ မြေစာရင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံ ကျေးရွာသား များသည် မတ်လ ၈ ရက် မှ ၁၂ ရက် အထိတိုင်းတာမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ဒေသံခံတောင်သူများကပြောသည်။

မြေပိုမည်မျှရှိနိုင်သည်ကို မြေစာရင်းဌာန ဝန်ထမ်းက ပြောဆိုနိုင်ခြင်း မရှိသေးပဲ လက်ရှိ စိုက်ထူထားသောဘုတ်တိုင်များအရ လယ်ယာ မြေဧက ၁ဝဝ ဝန်းကျင်ခန့်ရှိနေပြီး လယ်သမား ၁၃ ဦး ပိုင်ဆိုင်သည့် လယ်ယာမြေများဖြစ်ကြောင်း လယ်သိမ်းခံရသူ လယ်သမား ဦးကျန်အောင် ကပြောသည်။

“စက်ရုံတောင်ဘက်ခုနှစ်မိုင် ဝေးတဲ့နေရာကမြေတွေကို သိမ်းထားတာ ဒီလောက်ဝေးတဲ့နေရာက မြေတွေကို ယူထားစရာ မလိုဘူး။ အားလုံးပြန်လိုချင်တယ်။နိုင်ငံတော်ရဲ့ ထောက်ပံ့စားရိတ် စိုက်ပျိုးစရိတ်ချေးငွေကျတဲ့အထိ ပြန်လိုချင်တယ်”ဟု ၎င်းကဆိုသည်။

သိမ်းဆည်းခံရသူများအနက် တောင်သူ ၃၇ ဦးတွင် ဦးပိုင်အမည်ပေါက်ပြေစာများရှိပြီး ကပစ(၁၉) ကထိုလယ်များကို ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ ဆယ်နှစ်တိုင် အဌားချစားခဲ့ရာ ၂ဝ၁၁ ခုနှစ် သြဂုတ်လ (၁၁) ရက် တွင် ပထမတန်းစစ်ဦးစီးချုပ် ဦးကျော်ဦးလာရောက်ခဲ့ပြီး သီးစားခမပေးရန်နှင့် တပ်ပိုင်မြေအဖြစ် တစ်နှစ်တစ်ကြိမ် လက်မှတ်ထိုးပေးရန် သတ်မှတ်ခဲ့သော် လည်း မြေယာသိမ်းဆည်းခံရသူများက လက်မှတ်ထိုးလုပ်ကိုင်ရန် ငြင်းဆိုထားကြောင်း လယ်ယာသိမ်းဆည်းခံရသူ ကိုအေးကို က ပြောသည်။

Mizzima 

No comments: