Tuesday, March 04, 2014
ပါကစ္စတန်နိုင်ငံမှ တာလီဘန် သူပုန်များသည် တစ်လကြာ အပစ်အခတ် ရပ်စဲရေးကို ကြေညာခဲ့ပြီးနောက် ပါကစ္စတန် အစိုးရကလည်း တာလီဘန်များကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းအား ဆိုင်းငံ့ထားလိုက်ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
လေကြောင်းထိုးစစ်ကို ရပ်ဆိုင်းထားသော်လည်း အကြမ်းဖက်မှု တစ်စုံတစ်ရာ ဖြစ်ပွားပါက အချိန်မရွေး တုံ့ပြန်နိုင်အောင် အဆင်သင့် ပြုလုပ်ထားကြောင်းလည်း ပါကစ္စတန် အစိုးရက ပြောဆို ထားသည်။
အပစ်အခတ် ရပ်စဲခြင်းသည် ဖျက်သိမ်းလိုက်ရသော အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပြန်လည်စတင်နိုင်ရန် အတွက် ရည်ရွယ်ကြောင်း တာလီဘန်က ပြီးခဲ့သည့် စနေနေ့က ကြေညာထားသည်။
အစိုးရနှင့် တာလီဘန်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ပြီးခဲ့သည့် လပိုင်းက ရပ်ဆိုင်းသွားခဲ့ပြီး အကြောင်းရင်းမှာ တာလီဘန်က ဖမ်းဆီးထားသော အစိုးရစစ်သား ၂၃ ဦးကို သတ်လိုက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပါကစ္စတန် လေတပ်သည် အနောက်မြောက်ပိုင်း ဒေသရှိ စစ်သွေးကြွများ ခိုအောင်းရာ နေရာများကို လေကြောင်းထိုးစစ်များဖြင့် တိုက်ခိုက်ခဲ့သည်။
အစိုးရ၏ အပြုသဘောဆောင်သော တုံ့ပြန်မှုကြောင့် လည်းကောင်း၊ ဘာသာရေး ခေါင်းဆောင်များ၏ မေတ္တာရပ်ခံမှုကြောင့် လည်းကောင်း၊ ပါကစ္စတန်နိုင်ငံ၏ အနာဂတ်အတွက် လည်းကောင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပြန်လည်စတင်ရခြင်း ဖြစ်ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရ အရာရှိ ရှာဟီဒူလာရှာဟစ်က ပြောကြားခဲ့သည်။
အမေရိကန် မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုများ အဆုံးသတ်ရေး၊ ရှာရီယာ ဘာသာရေးဥပဒေဖြင့် အုပ်ချုပ်ရန် အစရှိသည့် တာလီဘန်ဘက်မှ တောင်းဆိုချက် များကို ပါကစ္စတန်အစိုးရမှ လိုက်လျော ပေးရန်လည်း ၄င်းတာလီဘန် အရာရှိက တောင်းဆိုထားသည်။
အပစ်အခတ် ရပ်စဲခြင်းကို ပါကစ္စတန် အစိုးရက အပြုသဘောဆောင်သော ခြေလှမ်း တစ်ရပ်အဖြစ် ကြိုဆိုခဲ့ကာ ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အတွက် ပြင်ဆင်ခဲ့ကြသည်။
လာမည့်ရက်ပိုင်း အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ဆောင်နိုင်ရန် အတွက် နှစ်ဖက်အရာရှိများ သဘောတူညီထားပြီး ဖြစ်သည်ဟု BBC သတင်းဌာနက ဖော်ပြထားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးရန် အစီအစဉ်ကို ပါကစ္စတန် အတိုက်အခံ နိုင်ငံရေးပါတီ များက ဝေဖန်ကြပြီး အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေသည့် ကြားမှ ဆွေးနွေးခြင်းကို လက်မခံကြပေ။
The Voice Weekly

No comments:
Post a Comment