Tuesday, March 04, 2014

SSPP/SSA အဖွဲ့၏ ထိန်းချုပ်မှုကြောင့် ဒေသခံတိုင်းရင်းသားများ နေထိုင်သွားလာရေး အခက်ကြုံ


Tuesday, March 04, 2014

ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် ဖာယကျေးရွာအုပ်စု၌ နေထိုင်ကြသော ဒေသခံတိုင်းရင်းသားများအား ရှမ်းပြည် တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA အဖွဲ့မှ နေထိုင်သွားလာရေး ထိန်းချုပ်ထား သောကြောင့် အခက်ကြုံနေရကြောင်း ယင်းဒေသခံအချို့ထံမှ သိရသည်။

SSPP/SSA အဖွဲ့၏ စီးပွားရေးအချက်အချာနေရာတစ်ခုဖြစ်သော တာ့စံဖူးကူးတို့ဆိပ်အား အစိုးရစစ်ကြောင်းမှ ၀င်ရောက်နေရာယူထိန်းချုပ်ပြီး မကြာမီ ယခုကဲ့သို့ ဒေသခံများအား ထိန်းချုပ်မှုများရှိလာခြင်းဖြစ်နိုင်ကြောင်း မိုင်းရှူးမြို့ခံတစ်ဦးက ဆိုသည်။

“အခုရွာထဲက ရွာပြင်ထွက်ရင်တောင် ရွာလူကြီး ဦးစံမကို သွားခွင့်တောင်းနေရတယ်၊ ရှမ်းပြည်တပ်မတော် ကနေ အမိန့်ထုတ်ထားတယ်လို့ ပြောတာပဲ” ဟု ဖာယရွာသားတစ်ဦးက ပြောသည်။

SSPP/SSA အဖွဲ့မှ မတ်လ ၂ ရက်နေ့မှစ၍ အဆိုပါကျေးရွာအတွင်း လူစိမ်းများ ၀င်ထွက်သွားလာမှုကို စိစစ်နေ ကြောင်းနှင့် အခြားကျေးရွာများမှလာသော ဒေသထွက်ကုန်ပစ္စည်းကားများကိုပင် အ၀င်မခံကြောင်း သိရသည်။

“လွန်ခဲ့တဲ့ ၂ ရက်လောက်ကစပြီး အိမ်တွေမှာ ဧည့်သည်အ၀င်/အထွက် လက်မခံရဘူးဆိုပြီး အမိန့်ထုတ်ထားတယ်၊ အခုချိန်က ပွင့်လင်းရာသီဆိုတော့ အရောင်းအ၀ယ်လုပ်တဲ့သူတွေ လာကြတာပေါ့၊ မနေ့က မိုင်းရှူးက အမျိုးတွေ လာတာ လူစိမ်းဆိုပြီး လက်မခံနဲ့ဆိုလို့ ပြန်လွှတ်လိုက်ရတယ်” ဟု အဆိုပါ ကျေးရွာနေ ဒေါ်နန်းမြက ပြောသည်။

ဖာယကျေးရွသို့ ဒေသထွက်ကုန်ပစ္စည်းများ သွားရောက်ပို့ဆောင်သော သရီးကရောင်းယာဉ်နှင့် ဖိုးဝှီးယာဉ်များကို ပင် SSPP/SSA အဖွဲ့၏ အမိန့်ကြောင့် ရွာထဲသို့ ၀င်ရောက်ခွင့် မရခဲ့ကြောင်းနှင့် ကျေးရွာနေဈေးသည်များကလည်း မလာရန်ကြိုတင်တားမြစ်ခဲ့သည်ဟု သရီးကရောင်းယာဉ်မောင်းသော ကားဆရာ အိုက်မြင့်၏ ပြေပြချက်အရ သိရသည်။

“ရွာသူ၊ ရွာသားတွေက နေ့တဒူဝ အလုပ်လုပ်နေရတာလေ၊ တောင်ယာသွားတာ ရှိတယ်၊ သစ်ခုတ်ဝါးခုတ် သွားတာ ရှိတယ်။ မိုင်းရှူးသွားပြီး ဈေးရောင်းဈေးဝယ်လုပ်တာရှိတယ်၊ အခုရွာထဲကနေ အပြင်ထွက်မယ်ဆိုရင် ရွာလူကြီးကို အကြောင်းကြားပြီးမှ သွားခိုင်းနေတာဆိုတော့ ဒုက္ခရောက်တာပေါ့၊ ရွာပတ်ဝန်းကျင်မှာ ရှမ်းစစ်သားတွေက မျက်စိ ဒေါက်ထောက်ကြည့်နေတော့ ရွာသူရွာသားတွေ လွတ်လွတ်လပ်လပ် မသွားရဘူးပေါ့”” ဟု ဖာယရွာသား အဘ စိုင်းလုံက ပြောကြားသွားသည်။ 

Credit to:စိုင်းခေးမောင်း

No comments: