Thursday, March 13, 2014

ဒေသသုံးခု သန်းခေါင်စာရင်း ကောက်ယူမှု ပြီးစီးသော်လည်း သီးသန့် ထုတ်ပြန်ပေးမည် မဟုတ်ဟုဆို

Thursday, March 13, 2014

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် ဒေသ သုံးခုတွင် ကြိုတင် သန်းခေါင်စာရင်း ကောက်ယူမှု ပြီးစီးသော်လည်း ရရှိလာသော အချက်အလက်များကို သီးသန့် ထုတ်ပြန်ပေးမည် မဟုတ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောကြားသည်။

သွားလာရေးနှင့် ဒေသလုံခြုံရေး အခက်အခဲ ရှိသည့် ဒေသများ ဖြစ်သော မိုင်းလား၊ ပူတာအို ခရိုင်နှင့် ကိုကိုးကျွန်း မြို့နယ်တို့တွင် သန်းခေါင်စာရင်း ကောက်ယူမှုကို မတ်လ ၁၂ ရက်နေ့တွင် အပြီးသတ် ကောက်ယူခဲ့သော်လည်း သီးသန့်ထုတ်ပြန်ရန် အစီအစဉ် မရှိကြောင်း ၎င်းကဆိုသည်။

“သီးသန့် ထုတ်ပြန်ပေးဖို့ မရှိပါဘူး။ အားလုံး ကောက်ခံပြီးမှ တစ်နိုင်ငံလုံးစာ ပေါင်းပြီးတော့ ထုတ်ပြန်ပေးမှာပါ” ဟု ဦးမြင့်ကြိုင်က ပြောကြားသည်။

ယင်းဒေသများသည် သန်းခေါင်စာရင်း ကောက်ယူရန် အတွက် ရက်၂၀ ကျော် သွားရောက်ရသော ခရီးစဉ်များ ဖြစ်သောကြောင့် ကောက်ယူပြီး စာရင်း အပြည့်အစုံကို ရောက်ရှိလာခြင်း မရှိသေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အလားတူ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အထူးဒေသ (၂) တွင် သန်းခေါင်စာရင်း ကြိုတင် ကောက်ယူမှုကို မတ်လ ၂၄ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး ဘာသာစကားနှင့် သွားရေးလာရေး အခက်အခဲ များကြောင့် ရက် ၂၀ ကျော် ကြာမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

သန်းခေါင်စာရင်း ကြိုတင် ကောက်ယူသည့် ဒေသ လေးခုတွင် လွန်ခဲ့သော အနှစ် ၂၀ ကျော်က လူဦးရေ ငါးသိန်းခန့် နေထိုင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် နောက်ဆုံးအကြိမ် သန်းခေါင်စာရင်းကို ၁၉၈၃ ခုနှစ်တွင် ကောက်ယူခဲ့ကာ နှစ်ပေါင်း ၃၀ ကျော်အကြာ ပြန်လည် ကောက်ခံခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့ထိ တစ်နိုင်ငံလုံးတွင် UNFPA (ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့) နှင့် ပူးပေါင်းကာ ကောက်ခံသွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။

The Voice Weekly

No comments: