Friday, March 28, 2014

“မငြိမ်းချမ်းတဲ့အခါ ငြိမ်းချမ်းတဲ့အရသာ သိလိမ့်မယ်”

Friday, March 28, 2014

ဘာကြောင့်လူတစ်ချို့က ငြိမ်းချမ်းရေးကို သေရေးရှင်ရေးတမျှ လိုအပ်နေပါသလဲဆိုတာ ပါးစပ်က ရှင်းပြနေလို့ မျှဝေ ခံစားပေးနိုင်လို့ ရနိုင်တဲ့အရာတွေ မဟုတ်ပါဘူး။ဘာကြောင့်လည်းဆိုတော့ “ငြိမ်းချမ်းရေး ” ဆိုတဲ့စကားဟာ ယနေ့ခေတ် နိုင်ငံရေးသမားတွေ ၊ လူ့အတ္တသမားတွေ နေ့စဉ်သုံးနေသော အများသုံးဆိုသည့် ကြားကောင်းအောင် သုံးနေသော စကားမျိုးဆိုတော့ “ငြိမ်းချမ်း ”ဆိုသည့် အေးမြသော ၊ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းသောဆိုတဲ့ အဓိပ္ပါယ်တောင် ကြားနေရသည့် အချိန်မှာတောင် မပေါ်လွင်တော့ပါဘူး။ ဒါက “ ကြားပါများတော့ ဟုန် ၊ ရိုက်ပါများတော့ ထုံ ” ဆိုသလိုမျိုး ဖြစ်နေပါပြီ။

မိသားစုတစ်စု ၊ အိမ်ထောင်စုတစ်စုအတွင်းမှာ ပြဿနာတစ်ခုရှိတဲ့အခါ ၊ ဒါမှမဟုတ် စိုးရိမ်သောကတစ်ခု ရှိတဲ့အခါ ၊ ကိုယ့်မိသားစု တကွဲတပြားဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်နိုင်တဲ့အခါမျိုးမှာ ဒီမိသားစုအတွင်းမှာရှိတဲ့ မိသားစုဝင်တွေ အားလုံးမှာ စိတ်ခံစားမှု ကိုယ်စီရှိကြပါတယ်။ဒါပေမယ့် ဘာမှ မလုပ်တက် ၊ မကိုင်တက် ၊ မလုပ်နိုင် ၊ မကိုင်နိုင်ဖြစ်နေတဲ့ ၊ သိပေမယ့် ဘာမှထုတ်ဖော်ပြောဆိုခွင့် မရတဲ့ ကလေးငယ်တွေရဲ့ စိတ်ခံစားမှုကတော့ မိသားစုဝင် အားလုံးရဲ့ ခံစားမှုထက် ပိုကဲပါတယ်။ ဒီလိုပါပဲ နိုင်ငံတစ်နိုင်ငံ ဒေသတစ်ခုမှာ စစ်မက်ဖက်ပြိုင်လို့ စစ်မက်ဖြစ်ပွားလုနီးပါး ဖြစ်တဲ့ အခြေအနေမျိုးမှာ တကယ့်ကို ထိထိခိုက်ခိုက် ခံစားရမယ့် သေချာပေါက်လူတွေကတော့ ဒေသခံ ပြည်သူတွေနဲ့ ၄င်းတို့နဲ့ ဆက်နွယ်နေတဲ့ လူတွေပဲ ဖြစ်ပါတယ်။

ရှင်းရှင်းပြောရရင်တော့ ပြည်သူတွေပါပဲဗျာ။
ပြည်သူလူထု ငြိမ်းချမ်းဖို့ ၊ ကိုယ့်လူမျိုးကောင်းစားဖို့ ကျွန်တော်တို့ တိုက်ယူနေရတာပါတယ်ဆိုတဲ့ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသော ပြည်တွင်းစစ်တွေက စစ်ခေါင်းဆောင်တွေ ပြောတဲ့စကားတွေ သေသေချာချာ စဉ်းစားကြည့်တော့ အတော်ကို ရယ်စရာကောင်းလွန်းပါတယ်။
တကယ့် တကယ်တမ်းကတော့ အဲဒီဒေသတွေမှာ အခြေစိုက်နေထိုင်နေတဲ့ ဒေသခံတွေမှာ ဘာဆိုဘာမှ ပြဿနာ မရှိပါဘူး။ ဒီလိုပဲ သမိုင်းစဉ်ဆက် နေထိုင်လာကြတာပါ။ ပြဿနာတက်လို့ တက်ရကောင်းမှန်းမသိအောင် ရိုးရှင်းတဲ့ လူနေမှုဘ၀နဲ့ နေ့စဉ်ဖြတ်သန်းနေလာကြတဲ့သူတွေပါ။ ဒီလိုအခြေအနေမျိုးမှာ အဲဒီဒေသက သယံဇာတတစ်မျိုးမျိုး စီးပွားဖြစ်တွေ့ရှိလို့ဖြစ်ဖြစ် ၊မျက်စိကြလာပြီး စီးပွားရေးအရ အကျိုးအမြတ် ကြီးကြီးမားမား ရရှိလာနိုင်ခြေရှိပြီဆိုရင် သေချာပါတယ် မကြာပါဘူး ဒီဒေသ မငြိမ်းချမ်းတော့ပါဘူး ၊ တည်ငြိမ်မှု မရှိဘူး စတဲ့ ခေါင်းစဉ်တွေနဲ့ တည်ငြိမ်မှုကို ကိုင်လှုပ်တော့တာပါပဲ။

တကယ်တော့ အဲဒီဒေသက ဒေသခံပြည်သူတွေက နဂိုကတည်းက ငြိမ်းချမ်းရေး ရရှိပြီးသားပါ။ သူတို့အသွေး သူတို့ အသားထဲမှာ မွေးကတည်း ငြိမ်းချမ်းချင်တဲ့ ဗီဇသွေးပါလာပြီးသားပါ။ တကယ်မငြိမ်းချမ်းတာက အဲဒီဒေသမှာရှိနေတဲ့ စစ်မက်ဖက်ပြိုင်ချင်နေတဲ့ နှစ်ဖက်စစ်ရေး ခေါင်းဆောင်တွေ ၊ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ အဲဒီဒေသက အကျိုးအမြတ်ကို အာသာငမ်းငမ်း လိုချင်နေတဲ့ စီးပွားရေးသမားတွေ အဲဒီလူတွေရဲ့ ဆန္ဒမီး ငြိမ်းချင်လို့ သယံဇာတ ပေါများတဲ့ ဒေသတွေမှာ စစ်မီးတွေ တောက်လောင်နေခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့လိုချင်တဲ့ ဆန္ဒမပြည်ပမီတိုင်း ဒီလိုငြိမ်းချမ်းမှု ကင်းမဲ့နေတာပဲ ဖြစ်ပါတယ်။
တကယ်တော့ ဒီဒေသတွေမှာ ငြိမ်းချမ်းရေးဆိုတာ လူတစ်ယောက် အသက်ရှင်ဖို့ အသက်ရှုလိုက်တိုင်း ရှုထုတ်လိုက်တိုင်း လေကိုလိုသကဲ့သို့ အရေးတကြီး လိုအပ်နေတာပါ။ သို့သော် အမှန်တကယ်ဖြစ်နေတာ တွေ့နေတာက တစ်မျိုးစီ ဖြစ်နေပါတယ်။ အမှန်တကယ်ဆိုရင် စစ်ဘေးဒဏ်သင့်နေသော၊စစ်ရဲ့အကျိုးဆက်ကို ခံစားနေရသော လူတွေကသာ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဦးဆောင်ပါဝင် ဆွေးနွေးကြမယ်ဆိုရင် ယခုလောက် အချိန်ကြာရှည်ဖွယ် မရှိဘူးလို့ ထင်မိပါတယ်။

ယခုတော့ ဒီလိုမဟုတ်ပါဘူး။ ဆွေးနွေးလိုက်ပြန်ရင် ကိုယ့်ကိုမငြိမ်းချမ်းစေချင်တဲ့ လူတွေ ၊ နိုင်ငံတွေရဲ့ ဦးဆောင်မှု အောက်မှာ ၊ အရိပ်အောက်မှာ ကိုယ့်အချင်းချင်း စစ်မက်ဖြစ်ပွားနေ၍ အကျိုးဖြစ်ထွန်းသထက် ဖြစ်ထွန်း ၊ သူတို့လိုချင်သမျှ ထုတ်ယူလို့ရနေသမျှ ဖြစ်နေသည့် နိုင်ငံတွေရဲ့ စွက်ဖက်မှုအောက်မှာဆိုတော့ ဘယ်လိုလုပ် ငြိမ်းချမ်းမှုကို ရရှိနိုင်မှာလဲ။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာ နှစ်ဖက်စလုံးက တကယ့်ကို ငြိမ်းချမ်းရေးကို လိုလားရမယ်။ အမှန်တကယ် ဒေသကို ငြိမ်းချမ်းရေးရမှ ဖြစ်မယ်ဆိုတာကို နားလည်သဘောပေါက် လက်ခံထားတဲ့သူတွေ ပါဝင်တက်ရောက်ပြီး ဆွေးနွေးနိုင်မှသာ တကယ့်အနှစ်သာရရှိတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်ဆိုတဲ့ အချက်ကို ယနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ဘာတွေလိုအပ်နေသလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်မှာ ဖြစ်ပါတယ်။ဒါပေမယ့် ယနေ့လက်တွေ့နယ်ပယ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် အခွင့်ကောင်းယူပြီး အမြတ်ထုတ်နေခြင်းကို တွေ့မြင်ရလို့ စိတ်မကောင်းဖြစ်မိပါတယ်။

ဘယ်သူကများ ကိုယ့်လူမျိုးကို ပြိုကွဲစေချင်မှာလဲ။ဘယ်သူကများ ကိုယ့်လူမျိုးက ပေါက်ဖွား လာတဲ့ မျိုးဆက်သစ်တွေရဲ့ အရည်အသွေးကို နိမ့်ကျစေချင်မှာလဲ။ ဘယ်သူကများ ကိုယ့်လူမျိုး တွေကို အိုးအိမ်မဲ့သာသာ ဂျစ်ပစီတွေလို ဖြစ်ချင်မှာလဲ။ ဒါတွေကို နှစ်ဦးနှစ်ဖက်လုံး ရင်ထဲထည့်ပြီး ငြိမ်းချမ်းရေးကို ဆွေးနွေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ငြိမ်းချမ်းရေး ဆွေးနွေးသူများသည် အမှန်တကယ် ငြိမ်းချမ်းရေး ရရှိလိုစိတ် ၊ တည်ဆောက်လိုစိတ် ရှိပါက မရနိုင်စရာအကြောင်း မရှိတော့ပေ။

တကယ်တော့ ဒီဒေသတွေမှာရှိနေတဲ့ တိုင်းရင်းသားမျိုးနွယ်တွေဆိုတာ ကျွန်တော်တို့ရဲ့ သွေးသားအရင်းတွေ၊ ညီနောင် အရင်းတွေပဲ ဖြစ်ပါတယ်။လက်ရှိကြားကောင်းအောင် ကျွန်တော်တို့ အကျိုးစီးပွားကို လိုလားပါတယ်ဆိုတဲ့သူတွေဟာ အချိန်တန်လျှင် ၊ အရေးကြီးလာလျင် ၊သူနိုင်ငံသူ ၊ သူ့အမိနိုင်ငံ သူ ၊ သစ္စာစောင့်သိမည့်သူတွေသာ ဖြစ်ပြီး ရှေ့ကနေထွက်ပြီး ကာကွယ်ပေးနေမယ့်သူတွေ မဟုတ်ပါဘူး။ ကိုယ့်သွေးရင်းသားရင်း တိုင်းရင်းသားတွေကသာ ကိုယ့်နဲ့တစ်စိတ်တ၀မ်းတည်း၊ တစ်သဘောတည်း၊ကျွန်တော်တို့ မငြိမ်းချမ်းလေလေ ၊ အချင်းချင်း မညီညွှတ်လေလေ သူတို့အကျိုးစီးပွား ဖြစ်ထွန်းမှုအတွက် အာမခံချက်ရှိလေလေဆိုတာကို အနည်းဆုံးတော့ ကျွန်တော်တို့ သိဖို့ နားလည်ဖို့ လိုအပ်နေပါပြီ။

အစ်ကိုကြီးလည်း ငြိမ်းချမ်းချင်သည်။ ညီငယ်လည်း ငြိမ်းချမ်းချင်သည် ။ ပြည်သူကိုလည်း ငြိမ်းချမ်းစေချင်ပါသည်။ ဒါနဲ့များ ဘာလို့ ငြိမ်းချမ်းရေး ဖြစ်မလာရမည်နည်း။ မငြိမ်းချမ်းချင်သော သူတို့ ကိုယ့်တရား ကိုယ်စီရင်ပါစေလို့ ဆန္ဒပြုရင်း……..

ပေါက်စ
credit to : Online Update News

No comments: