Friday, March 14, 2014

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရန် ရက်ပေါင်း တစ်ရာကျော် လမ်းလျှောက် ဆန္ဒပြမည်

Friday,March14,2014

ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ် စီမံကိန်း၂၀၁၅ ခုနှစ်တွင် ပြန်လည် အကောင်အထည် ဖော်ခြင်းမပြုဘဲ အပြီးတိုင် ရပ်ဆိုင်းရန်အတွက် ရန်ကုန်မြို့တော်မှ ကချင်ပြည်နယ် မြစ်ဆုံ ဒေသအထိ မတ်လ ၂၃ ရက်နေ့မှ စတင်ကာ ရက်ပေါင်း တစ်ရာကျော် လမ်းလျှောက် ဆန္ဒပြမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစု ကော်မတီမှ ဦးဆောင် လှုပ်ရှားသူ ဦးရဲထွဋ်ခေါင်က ပြောကြားသည်။

သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှု များကြောင့် မြစ်ဆုံစီမံကိန်း ပြန်လည် စတင်လိုခြင်းကို အပြီးတိုင် ရပ်ဆိုင်းသွားရန် အတွက် လမ်းလျှောက် ဆန္ဒပြခြင်းကို ယင်းနေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်မှ နံနက် ၆ နာရီတွင် စတင် ထွက်ခွာမည် ဖြစ်ပြီး လူထုအင်အား ၁၀၀ ကျော် ပါဝင်ကာ ရက်ပေါင်း ၁၁၀ ခန့် ကြာမြင့်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ရန်ကုန်မှ မြစ်ကြီးနားမြို့သို့ ရောက်ရှိပါက ဒေသခံ လူမှုအဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းကာ ဧရာဝတီ မြစ်ဆုံအထိ ဆက်လက် သွားရောက်၍ China Power Investment (CPI) ကုမ္ပဏီနှင့် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ စီမံကိန်း ရပ်ဆိုင်းရန် ဆွေးနွေး တောင်းဆိုမည် ဖြစ်ကြောင်း ဦးရဲထွဋ်ခေါင်က ရှင်းပြသည်။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို China Power Investment (CPI) နှင့် အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့က ၂၀၀၆ ခုနှစ် ဒီဇင်ဘာလက လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပြီး လူထု၏ ကန့်ကွက်မှုကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ရှိ အစိုးရ လက်ထက်တွင် စီမံကိန်း ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။

The Voice Weekly

No comments: