Saturday, March 15, 2014

မသန်စွမ်းဥပဒေ ပြဋ္ဌာန်းပြီးလျှင် မသန်စွမ်းသူတိုင်း မှတ်ပုံတင်ရမည်ဟုဆို

Saturday , March 15 , 2014

လူမှုဝန်ထမ်း ဦးစီးဌာန၏ မသန်စွမ်း အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေ အတည်ပြု ပြဋ္ဌာန်းပြီးပါက မသန်စွမ်းသူတိုင်း မှတ်ပုံတင်သွင်းရမည် ဖြစ်ကြောင်း အဆိုပါ ဥပဒေ ရေးဆွဲရာတွင် ပါဝင်ခဲ့သော The Leprosy Mission မှ မြန်မာနိုင်ငံ ဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်မိုးအောင် က ပြောကြားသည်။

မသန်စွမ်းဥပဒေ (မူကြမ်း) အတွက် နောက်ဆုံးအဆင့် ရေးဆွဲထားပြီး လာမည့် လွှတ်တော် အစပိုင်းတွင် ယင်းဥပဒေကြမ်းကို တင်သွင်းနိုင်ဖွယ် ရှိကြောင်း၊ မသန်စွမ်း မှတ်ပုံ တင်ထားသူများအတွက် အစိုးရက အကျိုးခံစားခွင့်များ ပေးရန် ရည်ရွယ်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

“မှတ်ပုံတင်ပြီးရင် ဘာရမလဲဆိုတာတော့ တိုင်းပြည်အနေနဲ့ ကတိပေးနိုင်တာ မရှိသေးဘူး။ လူမှုစီးပွားရေးတွေ၊ အခွန်တွေနဲ့ အများကြီး ပတ်သက်တယ်” ဟု ဒေါက်တာ ဇော်မိုးအောင်က ပြောကြားသည်။

အဆိုပါ မှတ်ပုံတင်တွင် မသန်စွမ်း အမျိုးအစားအလိုက် အဆင့်ခွဲခြားထားပြီး ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် အခွင့်အရေး ခံစားခွင့်များ ကွဲပြားသွားမည် ဖြစ်ကြောင်း၊ ကိုယ်လက် သန်စွမ်းသူများက အကြောင်းရင်း အမျိုးမျိုးကြောင့် မသန်စွမ်း ဟန်ဆောင်မှုများ မဖြစ်နိုင်တော့ကြောင်း မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း အလုပ်အမှုဆောင် ဦးခင်မောင်သန်းအေးက ဆိုသည်။
“မသန်စွမ်းဖြစ် မဖြစ်ဆိုတာ မှတ်ပုံတင်ရမယ်။ တိကျတဲ့ မှတ်ပုံတင် ဖြစ်ဖို့လည်း လိုတယ်” ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ် ကတည်းက ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေး သဘောတူညီမှု စာချုပ်ကို သဘောတူစာချုပ် ရေးထိုးခဲ့သော်လည်း မသန်စွမ်းသူများ၏ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ခံစားခွင့်များတွင် အစိုးရ၏ ပံ့ပိုးမှုပိုင်း အားနည်းနေသေးကြောင်း ပြည်တွင်း မသန်စွမ်း အရပ်ဘက် အဖွဲ့အစည်း အချို့က ဖွင့်ဟပြောကြားသည်။

ယင်းကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ ပူးပေါင်းကာ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် မသန်စွမ်း ဥပဒေကို စတင်ရေးဆွဲခဲ့ပြီး ၂၀၁၄ ခုနှစ်အတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ အခွင့်အရေး အစီရင်ခံစာကို တင်သွင်းရန် စီစဉ်ထားကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

၂၀၁၀ ပြည့်နှစ် လူမှုဝန်ထမ်း ဦးစီးဌာန၏ အမျိုးသားအဆင့် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် မသန်စွမ်းဦးရေ ၁ ဒသမ ၃ သန်းကျော် ရှိကြောင်း ကြေညာထားသည်။

The Voice Weekly

No comments: