Wednesday, April 02, 2014

ABSDF ရဲဘော်များ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်အောင် ကြိုးပမ်းမည်

Wednesday, April 02, 2014
ဒီမိုကရေစီ အရေးတော်ပုံနှင့်အတူ ပေါ်ပေါက် လာခဲ့သော မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ရဲဘော်များကို ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်အောင် ကြိုးပမ်းပေးမည်ဟု ABSDF ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ဧပြီလ ၁ ရက်နေ့တွင် ထားဝယ်မြို့ ဇေယျဝတီ ပရိယတ္တိ စာသင်တိုက်၌ ကျင်းပခဲ့သော ကျောင်းသား တပ်မတော် တည်ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတု အခမ်းအနားတွင် ပြောကြားသည်။
“ရဲဘော်တွေကို ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်အောင် မိဘတွေဆီ အပ်နိုင်ဖို့အတွက် ကြိုးပမ်းရဦးမှာပါ” ဟု ABSDF ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ဆိုသည်။

ကျောင်းသား တပ်မတော် ၂၅ နှစ်တာ ဖြတ်သန်းမှု ကာလအတွင်း ကျဆုံးခဲ့သည့် ရဲဘော် ၈၀၀ ကျော် ရှိကြောင်း ရဲဘော်မျိုးဝင်းက ပြောကြားသည်။

မြိတ်-ထားဝယ်ခရိုင် ကျောင်းသား တပ်မတော်တွင် တာဝန် ထမ်းဆောင်ရင်း တိုက်ပွဲအတွင်း ကျဆုံးသွားသူနှင့် ရောဂါ (သို့) အခြားအကြောင်းအရာ အမျိုးမျိုးကြောင့် ထားဝယ်ခရိုင် အတွင်းမှ သေဆုံး ကျဆုံးသွားသော ရဲဘော် ၂၂ ဦး၊ ပုလောမြို့ မှ ၄၆ ဦးနှင့် မြိတ်ခရိုင်မှ ၁၅၀ ဦးကျော် ရှိသည်ဟု ဒုတိယ တပ်ရင်းမှူးဟောင်း ဦးအောင်မြင့်ထံမှ သိရသည်။

ယင်းအခမ်းအနားသို့ ABSDF ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းနှင့် ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် အပါအဝင် တပ်ရင်း ၁ မှ ရဲဘော်များ၊ ကျဆုံးရဲဘော်များ၏ မိသားစုဝင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ဒေသခံများ အပါအဝင် လူဦးရေ ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ အခမ်းအနားကို ဧပြီလ ၃ ရက်နေ့တွင် ပုလောမြို့နှင့် ဧပြီလ ၆ ရက်နေ့တွင် မြိတ်မြို့တွင် ဆက်လက် ကျင်းပမည် ဖြစ်သည်။

(Dawei Watch)

No comments: