Wednesday, April 30, 2014

အခြေခံဥပဒေ ပြင်ဆင်ရေး ညောင်လေးပင်တွင် ဆန္ဒထုတ်ဖော်

Wednesday, April 30, 2014
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင် မြို့နယ်တွင် ဧပြီလ ၂၈ နေ့ နံနက် ၉ နာရီခန့်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူ ၆၀၀ ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ညောင်လေးပင် မြို့နယ် လူထုလှုပ်ရှားမှု ကော်မတီဝင် ဦးအောင်ကျော်မိုးက ပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ညောင်လေးပင် မြို့နယ်၊ ဒိုက်ဦး၊ ကျောက်တံခါး၊ မဒေါက်၊ ပဲနွယ်ကုန်း၊ ပိန်းဇလုပ်၊ ပြွန်တန်ဆာမြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ ပူးပေါင်း ပါဝင်ပြီး မြို့နယ်အထွက် ရွာသစ်ကိုးနဝင်း ဘုရားရှေ့မှ စတင်ကာ ဗိုလ်ချုပ်လမ်း၊ ဘုရားကြီးလမ်း ကျောင်းကြီးလမ်း၊ ဘူတာလမ်းမှတစ်ဆင့် ဗိုလ်ချုပ်လမ်းသို့ ပြန်ဝင်ကာ နှစ်ကျိပ်ရှစ်ဆူ ဓမ္မာရုံတွင် အဆုံးသတ်ခဲ့ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

လမ်းတစ်လျှောက်တွင် ဆန္ဒ ထုတ်ဖော်သူများက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၅၉(ဃ)၊ ပုဒ်မ ၆(စ) တို့ကို အလိုမရှိ၊ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးကို ကိုယ်စားပြုသော အခြေခံဥပဒေ ပေါ်ပေါက်ရေး၊ ပြည်သူရွေးချယ် တင်မြှောက်သော ခေါင်းဆောင်အစိုးရ ပေါ်ပေါက်ရေးတို့ကို အရေးဆို ကြွေးကြော် ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရှိရသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲကို တရားဝင် ခွင့်ပြုချက် ရရှိရန် အဆင့်ဆင့် တင်ပြခဲ့ရာမှ ဧပြီလ ၂၂ ရက်နေ့က ပြန်လည် ခွင့်ပြုခဲ့ကြောင်း ညောင်လေးပင် မြို့နယ် လူထုလှုပ်ရှားမှု ကော်မတီထံမှ သိရှိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုအတွက် လူ ၂၀၀ ခွင့်ပြုထားပြီး လိုအပ်သော လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များကို ချထားပေးကြောင်း ညောင်လေးပင် မြို့မရဲစခန်းမှူး ဒုရဲမှူး သက်လွင်က ပြောကြားသည်။

The Voice Weekly

No comments: