Wednesday, April 02, 2014

· နာဂစ်ဒုက္ခသည်များကို မြေကွက်ပေးရန် လွှတ်တော် ကတိပေးသော်လည်း ဖြစ်မလာသေး

Wednesday, April 02, 2014

ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ရှိ နာဂစ်ဒုက္ခသည်များအတွက် အိမ်မြေကွက်များ ချထားပေးမည်ဟု၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ တိုင်းလွှတ်တော်အစည်းအဝေးတွင် ကတိပြုထားပြီးဖြစ်သော်လည်း လက်ရှိအချိန်ထိ ဆောင်ရွက်ပေးခြင်းမရှိသေးကြောင်း လပွတ္တာမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက တိုင်းအစိုးရအဖွဲ့သို့ အသိပေးပြောဆိုလိုက်သည်။

ဧရာဝတီတိုင်း စိုက်ပျိုးရေးနှင့် မွေးမြူ ရေးဝန်ကြီး ဦးစန်းမောင်က ကတိပေးခဲ့ခြင်းဖြစ်ပြီး ယင်းကတိ မအောင်မြင်ခဲ့သည့်အပေါ် ဧပြီလ ၁ ရက်က ကျင်းပသည့် ၁/၂၀၁၄ တိုင်းအစိုးရအဖွဲ့ အထူးအစည်းအ ဝေးတွင် ဦးဇော်ဝင်းက ပြန်လည် မေးခွန်းထုတ်လိုက်ခြင်းလည်း ဖြစ်သည်။
“နာဂစ်ဒုက္ခသည်များ အမှန်တကယ်လိုအပ်သူများ လျှောက်ထားစေပြီး လျှောက်ထားမှုကို စိစစ်ပြီး တိုင်း အစိုးရအတည်ပြုချက်ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးမှ မြေပေးမိန့် ထပ်ဆင့်ချထားပေးမည်လို့ ပါရှိတဲ့အတိုင်း လျှောက်လွှာများ တင်သွင်းထားပြီးဖြစ်တဲ့အတွက် အမြန်ဆုံး စိစစ်အတည်ပြုပြီး အခါအလွန် (သင်္ကြန် အပြီး) ချထားပေးစေလိုပါတယ်”ဟု ၎င်းက ထပ်မံတင်ပြသည်။

နာဂစ်ဒုက္ခသည်များအတွက် ရည်ရွယ်ကာ ဖော်ဆောင်ခဲ့သည့် လပွတ္တာမြို့ဟောင်းနှင့် သုံးမိုင်အကွာရှိ (၃)မိုင်မြို့သစ်တွင် မြေကွက်များကို ငွေကြေးနှင့်ချထားပေးပြီး ဒုက္ခသည်များကို မြို့သစ်တွင် နေရာချထား ပေးမှုကို မြို့မိမြို့ဖများလည်း သဘောမတူကြောင်း၊ ကျန်ကိုယ်စားလှယ်သုံးဦးမှာ လက်မခံသည့်အတွက် ဆောင်ရွက်ရန် အခက်အခဲရှိကြောင်း၊ သုံးမိုင်မြို့သစ်နှင့် မြို့ဟောင်းကြားတွင် မြေလွတ်မြေရိုင်းမရှိဘဲ တိုင်းအစိုးရမှ ဆောင်ရွက်ရန် အခက်အခဲရှိကြောင်း၊ တိုင်းလွှတ်တော်တွင် ကော်မတီတစ်ရပ် ဖွဲ့စည်း ကာ ဆောင်ရွက်ပေးပါရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးဝင်းကိုကိုက ပြန်လည် ဖြေဆိုခဲ့သည်။

မြို့နှင့် ငါးမိုင်အကွာတွင် နေထိုင်လိုသူများအတွက် ပေ ၃၀ ပတ်လည် အိမ်ကွက် ၉၉ ကွက်ရှိကြောင်း ၎င်းက ပြောသည်။

မေလ ၂ ရက်တွင် တိုက်ခိုက်သော နာဂစ်မုန်တိုင်းကြောင့် လပွတ္တာမြို့ပေါ် ရပ်ကွက် ၁၃ ခုအပါအ၀င် မြို့ နယ်အတွင်းရှိ ကျေးရွာ ၁၇၇ ရွာ ထိခိုက်ခဲ့ပြီး အိမ်ခြေ ၅၀,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

Mizzima 

No comments: