Saturday, April 26, 2014

တရုတ်နိုင်ငံသား ၈ဦးထံမှ လက်ပစ်ဗုံးနှင့် လက်နက်ခဲယမ်းများ တမူးတွင်ဖမ်းမိ

Saturday, April 26, 2014

စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ (၃)မိုင်မြို့ဝင်စစ်ဆေးရေးဂိတ်တွင် ကားတစ်စီးအား စစ်ဆေးခဲ့ရာ တရားမဝင် ဝင်ရော က်လာသည့် တရုတ်နိုင်ငံသား ၈ဦးထံမှ လက်ပစ်ဗုံး(၃၁)လုံးနှင့် လက်နက်ခဲယမ်းများကို ဧပြီ ၂၅ရက် ည ၆နာရီ ၃၀မိနစ်က ဖမ်းမိခဲ့သည်။

“ကားကိုတာဝန်အရ ရပ်တန့်ခိုင်းတဲ့အခါ ရပ်တန့်ပေးခြင်းမရှိဘဲ အဲ့ဒီကားက မြို့ထဲဘက်ကို မောင်းနှင်ထွက်ပြေးသွားပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့လည်း အထက်ကို ဆင့်ကဲ၊ ဆင့်ကဲ ဖုန်းနဲ့သ တင်းလှမ်းပို့ပြီး မကြာခင် အဲ့ဒီကားက ဂိတ်ဘက်ကို နောက်တကျော့ပြန်အလာမှာ ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်..” ဟု (၃)မိုင် လုံခြုံရေးရဲကင်းစခန်းမှူးဒုရဲအုပ် စိုင်းရွှေတိုးနှင့်အဖွဲ့က ပြောပြသည်။

တရားမဝင်ရောက်ရှိလာသည့် တရုတ်နိုင်ငံသား ၈ဦးနှင့်အတူ ဖမ်းမိသည့်ပစ္စည်းများမှာ M-21သေနတ်တစ်လက်၊ M- 81 ဒသမ 1 စာတမ်းပါ သေနတ်(၇)လက်၊ (၇ ဒသမ ၆၂) ကျည်အိမ်(၃၈)ခု၊ ကျည်အိမ်များအတွင်း ကျည်ဖြည့်ပြီးအတောင့်ရေ(၉၂၀)တောင့်၊ ကျော်ပိုးအိတ်ဖြင့် ထည့်ထားသည့် (၇ ဒသမ ၆၂) ကျည် (၉၄၀)တောင့်၊ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး(၃၁) လုံး၊ ဆက်သွယ်ရေး စကားပြောစက်(၅)လုံး၊ အားသွင်းခုံ(၈)ခု၊ တရုတ်ဘာသာဖြင့်ရေးသားထားသော မြန်မာနိုင်ငံမြေပုံ(၁)ခု၊ ဦးသိန်းအောင်အမည်ပါ ယာဉ်မောင်းလိုင်စင်တစ်ခု၊ စစ်သုံးအဝေးကြည့်မှန်ပြောင်း(၁)ခု၊ ဓားမြှောင်(၃)ချောင်း၊ အီကွန်းမင့်(၈)ခု၊ လက်ကိုင်ဖုန်း(၄)လုံးနှင့် ဘက္ထရီ(၇)ခုတို့ဖြစ်သည်။

မောင်းနှင်လာသည့် ကားအမျိုးအစားမှာ TOYOTA – TUNDRA 4×4 အမျိုးအစား အနက်ရောင် ယာဉ်အမှတ် YGN – 7 D / 9999 ဖြစ်သည်။

အဆိုပါ တရုတ်နိုင်ငံသား(၈) ဦးအား ယခုလ ၂၅ ရက်နေ့ည ၁၀ နာရီ ၄၅မိနစ်အချိန်တွင် တမူးမြို့မရဲစခန်းက(ပ) ၃၁/ ၂၀၁၄ လ၀က အက်(၃၁)အရ အမှုဖွင့်အရေးယူထားသည်။

Mizzima 

No comments: