Friday, April 04, 2014

INGO များကို လုံခြုံရေးပေးရန် အမေရိကန် တောင်းဆို၊ လုံခြုံရေး အပြည့်ပေးထားဟု အစိုးရတုံ့ပြန်

Friday, April 04, 2014

ကုလသမဂ္ဂ အပါအဝင် ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်နေသော INGO ဝန်ထမ်းများကို စိတ်ချရသည့် လုံခြုံရေး ဆောင်ရွက်ပေးရန် အမေရိကန် ပြည်ထောင်စု၏ တောင်းဆိုမှုကို INGO များအတွက် လုံခြုံရေးအပြည့် စီမံပေးထားပြီး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တုံ့ပြန် ပြောကြားသည်။

ဧပြီလ ၂ ရက်နေ့က ထုတ်ပြန်သည့် အမေရိကန်ပြည်ထောင်စု၏ ကြေညာချက်တွင် ကုလသမဂ္ဂနှင့် INGO အဖွဲ့အစည်းများကို ရခိုင်ပြည်နယ် အတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုရန်၊ ဒေသခံများ အပါအဝင် INGO ဝန်ထမ်းများကို လုံခြုံရေး ပြည့်ပြည့်ဝဝ ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။

ဦးရဲထွဋ်ကမူ INGO ဝန်ထမ်းများကို အစိုးရက လုံခြုံရေး အပြည့်အဝ ဆောင်ရွက်ပေးသော်လည်း ယင်းဝန်ထမ်းများ ကိုယ်တိုင် လုံခြုံရေး တာဝန်ရှိသူများကို ကန့်ကွက်ငြင်းပယ်မှုများ ကြုံတွေ့နေရကြောင်း၊ ယင်းအတွက် နှစ်ဖက်သံသယများ ပိုမိုကြီးထွားလာစေကြောင်း ရှင်းလင်း ပြောကြားသည်။
“လုံခြုံရေးကို ကျွန်တော်တို့က ပေးတယ်။ ကုလသမဂ္ဂနဲ့ အထူးသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းတွေက လိုက်ပါခွင့် မပြုတာ” ဟု ဦးရဲထွဋ်က ဆိုသည်။

သို့သော် အမေရိကန်ပြည်ထောင်စု ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Ms. Marie Harf က မြန်မာအစိုးရအနေနှင့် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေး ဝန်ထမ်းများကို လိုအပ်သည့် ခရီးသွားလာခွင့်နှင့် လုံခြုံရေး စီမံပေးရန် ပျက်ကွက်ခဲ့ကြောင်း အဆိုပါ ကြေညာချက်တွင် ပြစ်တင် ပြောဆိုထားသည်။

ထို့ပြင် စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်း ရုံးခန်းများကို အကြမ်းဖက် လူအုပ်စုများက တိုက်ခိုက် ဖျက်ဆီးခဲ့မှုအပေါ် အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပူပန်ကြောင်း၊ အကူအညီ လိုအပ်နေသော ဒုက္ခသည် တစ်သိန်းကျော်အတွက် အထောက်အပံ့ ပေးအပ်ရေး လုပ်ငန်းစဉ်များကို ဆိုးရွာစွာ ထိခိုက်ခဲ့ကြောင်း ထည့်သွင်း ပြောဆိုသည်။

အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ နိုင်ငံတကာ အကူအညီပေးရေးဆိုင်ရာ ရုံးခန်းများကို နေရာသစ်တွင် တစ်စုတစ်စည်းတည်း ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေပြီး ဧပြီလ အတွင်း၌ပင် ၎င်းတို့၏ လုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း ဖြစ်သူ ဦးရဲထွဋ်က ပြောကြားသည်။

The Voice Weekly

No comments: