Monday, April 28, 2014

RCSS/SSA အဖွဲ့၏ လူသစ်စုဆောင်းမှုကြောင့် ကွန်ဟိန်းမြို့နယ်အတွင်းရှိ ဒေသခံရှမ်းတိုင်းရင်းသားများ ထွက်ပြေး ပုန်းရှောင်နေရ

Monday, April 28, 2014
ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ အေပြီလ ၂၇ ရက်နေ့တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA )အဖွဲ့မှ အတင်းအကြပ် လူသစ် လာရောက်စုဆောင်းမှုကြောင့် ထွက်ပြေးပုန်းရှောင်နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“ဟိုတစ်နေ့က ကွန်လုံကျွန်းကို အုပ်စုလူကြီးတွေ သွားတယ်လို့ ကြားတယ်၊ ရှမ်းပြည်တောင်ပိုင်း တပ်က ခေါ်တာ ဆိုလား၊ အဲဒီကနေ ပြန်လာပြီး ရွာထဲက လူငယ်တွေစာရင်း လိုက်ကောက်နေတယ်၊ လူလတ်ပိုင်းတွေလည်း လိုအပ်ရင် လိုက်ရမယ်ပြောလို့ ကျွန်မယောက်ျားတောင် တောင်ကြီးတက်သွားပြီ၊ အခြေအနေကြည့်ပြီးမှ ပြန်လာခိုင်းတော့မယ် ” ဟု ကျိုင်းခမ်းရွာနေ ဒေါ်နန်းရွှေနု က ပြောသည်။

RCSS/SSA အဖွဲ့မှ လူသစ်အဖြစ် စုဆောင်းနေသော ကျေးရွာအုပ်စုများမှာ ကွန်ဟိန်းမြို့နယ်ရှိ ၀မ်လောကျေးရွာ အုပ်စု၊ လိုက်ကမ်ကျေးရွာအုပ်စု၊ ကျိုင်းခမ်းကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာအုပ်စုတို့ ဖြစ်ကြောင်း သိရသည်။
ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ လူသစ်စုဆောင်းမှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံ ရှမ်းတိုင်းရင်းသားများ ထွက်ပြေးပုန်းရှောင်နေရသလို ကာလိမြို့နယ်ခွဲ ကျိုင်းလွန်းကျေးရွာအုပ်စုတွင်လည်း လူသစ်စုဆောင်းမှုများ ရှိနေကြောင်း မြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ မနေ့က ကျိုင်းလွန်းက ညီတစ်ယောက် ရောက်လာတယ်၊ ရွာလူကြီးက ရှမ်းတပ်ထဲ လိုက်ဖို့ စာရင်းပေး ထားတာကြောင့် ခဏရှောင်လာတဲ့ သဘောပါ၊ သူတို့ရွာကို လူသစ်(၅)ယောက် တောင်းထားတယ်လို့ သိရတယ် ” ဟု ကာလိမြို့ခံ ကိုစိုင်းစောဝင်း က ဆိုသည်။
အလားတူ လွန်ခဲ့သော ၂ ရက်ခန့်ကလည်း လွိုင်လင်မြို့နယ်၊ နမ့်စန်မြို့နယ်များ၌ လူသစ်များအား ရွာလူကြီး များ ကိုယ်တိုင်သွားရောက်ပို့ဆောင်ပေးမှုများရှိနေ၍ ကွန်ဟိန်းနှင့် ကာလိမြို့နယ်များမှ ဒေသခံများမှာ တောင်ကြီးမြို့ပေါ်သို့ ထွက်ပြေးပုန်းရှောင်မှုများပြားနေကြောင်း ကွန်ဟိန်းမြို့ခံ ကားသမားများထံမှ သိရသည်။

နှစ်(၅၀)ပြည့် ရွှေရတု ရှမ်းပြည်တပ်မတော်နေ့ကို SSPP/SSA ဌာနချုပ် တည်ရှိရာ ၀မ်ဟိုင်းကျေးရွာ၌ အေပြီ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့ပြီး နောက်ပိုင်း ယခုကဲ့သို့ လူသစ်စုဆောင်းမှုများ ပြုလုပ်လာမှုက ဒေသခံ ရှမ်းတိုင်းရင်းသားများအတွက် ခြိမ်းခြောက်မှုတစ်ခုလို ဖြစ်လာပြီး SSPP/SSA ၊ RCSS/SSA နှင့် အစိုးရအဖွဲ့တို့၏ ငြိမ်းချမ်းရေးသဘောတူညီမှုများက မေးခွန်းထုတ်စရာဖြစ်လာကြောင်း လွိုင်လင်မြို့ခံ လွှတ်တော်အမတ်တစ်ဦးက ပြောကြားသွားသည်။

credit to : စိုင်းအောင်ခမ်း

No comments: